
ထွန်းသန့်စင်(မန္တလေး)
လက်ရှိမြန်မာနိုင်ငံရဲ့ (KG +12) အခြေခံပညာရေးစနစ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် မတိုင်မီ USDPအစိုးရလက်ထက်မှာ ၂၀၁၂ -၂၀၁၃ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ (CESR) လေ့လာသုံးသပ်ရေးလုပ်ငန်း၊ အခြေခံပညာသင်ရိုးညွှန်းတမ်းလေ့လာဆန်းစစ်ချက်အရ စတင်ပြောင်း လဲရန်အတွက် အမျိုးသားပညာရေးဥပဒေ (၂၀၁၄) အခန်း(၅) ပုဒ်မ ၁၆ (က)ပါ အခြေခံပညာရေးကို သူငယ်တန်း ပညာရေးပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်းကာလ (၁၂)နှစ် သို့ ဦးတည်ဆောင်ရွက်သွားရန် ပြဋ္ဌာန်းချက်အရ သင်ရိုးဝင်အကြောင်းအရာသစ်များ၊ ပိုမိုကောင်းမွန်သော သင် ကြား နည်းနှင့် စစ်ဆေး အကဲဖြတ်နည်းများ၊ (၂၁)ရာစုကျွမ်းကျင်မှုများ၊ အလယ်တန်းနှင့်အထက်တန်း ကျောင်းသားများအတွက် အသက်မွေး ဝမ်းကျောင်း ဆိုင်ရာ ကျွမ်းကျင်မှုများကို အဓိကအလေးပေးထားသော အခြေခံပညာအဆင့် သင်ရိုး ညွှန်းတမ်း အညွှန်း ဘောင်ကို အသစ်ပြောင်းလဲဖွဲ့စည်းသော အခြေခံပညာရေးစနစ်နှင့်အညီရေးဆွဲပြုစုပြီး ပညာသင် နှစ်(၁၁) နှစ်ရှိသော အခြေခံပညာရေးစနစ်မှ သူငယ်တန်းပညာရေး ပြီးသည့်နောက် ပညာသင်နှစ် စုစုပေါင်း (၁၂)နှစ် ရှိသော အခြေခံပညာရေး စနစ်သစ်သို့ ပြောင်းလဲရန်စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
KG+12 သင်ရိုးသစ်ကို အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၁၆-၂၀၂၁) ပါ အခြေခံပညာ သင်ရိုးညွှန်း တမ်းအသစ်ကို စတင်ကျင့်သုံးခဲ့တာကတော့ NLDအစိုးရလက်ထက်မှာပဲဖြစ်ပါတယ်။၂၀၁၆- ၂၀၁၇ပညာသင်နှစ်မှာ KG သင်ရိုးသစ်၊၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ Grade1သင်ရိုးသစ်၊၂၀၁၈-၂၀၁၉ ပညာသင်နှစ် Grade2သင်ရိုးသစ်၊၂၀၁၉-၂၀၂၀ ပညာသင် နှစ်မှာ Grade3နဲ့Grade6သင်ရိုးသစ်၊၂၀၂၀-၂၀၂၁ပညာသင်နှစ်မှာ Grade4၊Grade7နဲ့ Grade10သင်ရိုးသစ်၊၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ Grade5၊Grade-8နဲ့Garde11သင်ရိုးသစ်၊၂၀၂၂- ၂၀၂၃ပညာသင်နှစ်မှာ Grade9နဲ့Grade12သင်ရိုးသစ်များကို ပညာသင်နှစ်အလိုက်ပြောင်းလဲကျင့်သုံးပြီး
အခြေခံပညာရေး စနစ်သစ် KG+12 ကို အကောင်အထည်ဖော်ခဲ့တာပဲဖြစ်ပါတယ်။
လက်ရှိအချိန်ကာလဟာဆိုရင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်ကိုရောက်ရှိလာခဲ့ပြီဖြစ်လို့ အခြေခံပညာရေး စနစ်သစ် KG+12 နဲ့ပဲ ကျောင်းသားကျောင်းသူတွေ သင်ကြားပေးသွားရတော့မှာဖြစ်ပေမယ့် Covid19ရောဂါကြောင့် အစိုးရကျောင်းတွေတစ်နှစ်ကျော် ပိတ်ထားခဲ့ရတာဖြစ်တဲ့အတွက် ၂၀၂၃-၂၀၂၄ပညာသင်နှစ်ရောက်မှသာ အခြေခံပညာရေး စနစ်သစ် KG+12ကို အ လုံးစုံကူးပြောင်းသွားပြီလို့ပြောနိုင်မှာဖြစ်ပါတယ်။
USDPအစိုးရသက်တမ်းကာလမှာ အစပြုခဲ့ပြီး NLD အစိုးရသက်တမ်းကာလမှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ အခြေခံ ပညာရေး စနစ်သစ် KG+12ဟာ မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ပြည်သူလူထုရဲ့ သားသမီးတွေ ပညာရေးအတွက် စနစ်တကျအကောင်အထည်ဖော်ခဲ့တဲ့ပညာရေးစနစ်သစ်တစ်ခုပဲဖြစ်ပါတယ်။
အခြေခံပညာရေး စနစ်သစ် KG+12ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ဗီယက်နမ်၊လာအို၊ဖိလစ်ပိုင်၊မလေးရှား၊အင်ဒိုနီးရှားနဲ့ကမ္ဘောဒီယားတို့မှာလည်း ကျင့်သုံးနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အစိုးရနှစ်ဆက်လုံးက အခြေခံပညာရေး စနစ်သစ် KG+12ကို ၂၁ ရာစုကျွမ်းကျင်မှုများ (21* Century Skills)၊ ပေါင်းသင်းဆက်ဆံရေး၊ ဉာဏ်ရည် ဉာဏ်သွေး၊ တစ်ကိုယ်ရေဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ရရှိရေးဆိုင်ရာ ကျွမ်းကျင်မှုများ(Soft Skills)နှင့် အဆင့်မြင့်စဉ်းစားတွေးခေါ်မှုဆိုင်ရာကျွမ်းကျင်မှုများ (Higher Order thinking Skills) ဖွံ့ဖြိုးလာစေရန် ရည်ရွယ်အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီ လက်ရှိ နစကအစိုးရကလည်း ပြီးခဲ့တဲ့အစိုးရတွေ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့လုပ်ငန်းစဉ်များအတိုင်းပဲ ဆက်လက်ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။
အခြေခံပညာရေး စနစ်သစ် KG+12ကို အများသိအောင်ရှင်းပြရမယ်ဆိုရင်
သူငယ်တန်း(KG)ပညာရေး သင်ရိုးညွှန်းတမ်းအညွှန်း ဘောင်
၁။ စနစ်သစ် KG(သူငယ်တန်း)ပညာရေး၏ရည်မှန်းချက်များဖြစ်သည့် မိမိကိုယ် မိမိယုံကြည်အားကိုး တတ်သူများဖြစ်လာရန်၊ အာဟာရပြည့်ဝ၍ ကျန်းမာပျော်ရွှင်သူများဖြစ်လာရန်၊ စာရေးစာဖတ်ခြင်းနှင့် သင်္ချာ အပါအဝင် အသိပညာများကို စိတ်အားထက်သန်စွာ လေ့လာသင်ယူသူများဖြစ်လာရန်၊ မိမိဝန်းကျင်၏ အကျိုးကို ဆောင်ရွက်တတ်သူများဖြစ်လာရန်ဟူသည့် ရည်မှန်းချက်များကို ပြည့်မြောက်စေရန်အတွက် အောက်ဖော်ပြပါ သင်ယူမှု နယ်ပယ်(၆)ခုဖြင့် စနစ်သစ်သူငယ်တန်း သင်ရိုးညွှန်းတမ်းကို ဖွဲ့စည်းထားပါတယ်
သင်ယူမှုနယ်ပယ် (၆) ခု
(က) ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာခြင်း
(ခ) စာရိတ္တ၊ မိတ္တနှင့် စိတ်လှုပ်ရှားမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ခြင်း
(ဂ) အပြန်အလှန်ပြောဆိုဆက်သွယ်ခြင်း
(ဃ) သင်္ချာအခြေခံများကို စူးစမ်းလေ့လာခြင်း
(င) အနုပညာရသ ခံစားခြင်းနှင့်ဖန်တီးခြင်း
(စ) ပတ်ဝန်းကျင်လောကကိုသိရှိနားလည်ခြင်း
၂။ နယ်ပယ်တစ်ခုချင်းအတွက် အသေးစိတ်သင်ယူမှုရလဒ်များချမှတ်၍ ထိုရလဒ်များရရှိစေနိုင်မည့် လုပ်ငန်းလမ်းညွှန်ချက်များကို ပြုစုထားရှိပါသည်။ သူငယ်တန်းပညာသင်နှစ်တွင် . တစ်ရက်လျှင် သင်ချိန် (၄)နာရီ၊ တစ်ပတ်သင်ချိန်(၂ဝ)နာရီ၊ ရက်သတ္တပတ်(၃၂)ပတ်ရှိပြီး တစ်နှစ်လျှင် သင်ချိန်စုစုပေါင်းမှာ (၆၄၀)နာရီရှိပါသည်။ ကျောင်းသား၊ကျောင်းသူများအတွက် ဖတ်စာအုပ်များမရှိဘဲ ကလေးများဉာဏ်ရည် အထွေထွေနှင့် သင်ယူပုံနည်းလမ်းများပေါ်မူတည်၍ ကလေးအားလုံး တက်ကြွစွာပါဝင်လာစေမည့် နည်းလမ်း အမျိုးမျိုးကိုပေါင်းစပ်၍ သင်ကြားပေးပါသည်။ ကလေး၏လိုအပ်ချက်နှင့် စိတ်ဝင်စားမှုကိုအခြေပြုပြီး ဆီလျော်သော အကြောင်းအရာ များကိုရွေးချယ်၍ သင်ယူမှုလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ထားပါသည်။ (ဆရာများအတွက် ဆရာလမ်းညွှန်၊ ဘာသာစကားမှီငြမ်းပြုလမ်းညွှန်နှင့် သင်ပြမှုပုံစံစာအုပ်များကို ပြုစု ထုတ်ဝေထားပါသည်။)
၃။ စနစ်သစ် KG (သူငယ်တန်း)တွင် စာမေးပွဲစနစ်မထားရှိဘဲ ကလေး၏ နေ့စဉ်လုပ်ငန်းများတွင် ပါဝင်မှုအခြေအနေ၎င်းတို့၏လိုအပ်ချက်နှင့် စိတ်ဝင်စားမှုများကို ဆရာကစဉ်ဆက်မပြတ် လေ့လာကြည့်ရှု၍ ကလေးတစ်ဦးချင်းစီ၏ သင်ယူတတ်မြောက်မှုနှင့်ဖွံ့
ဖြိုးမှုတို့ကို ဆန်းစစ်အကဲဖြတ်ပြီး မှတ်တမ်းများထားရှိ ပါသည်။ အဆိုပါ အကဲဖြတ်ချက်အပေါ်မူတည်၍ ကလေးများ၏တိုးတက်မှုကိုရှေးရှုသည့် သင်ယူမှုလုပ်ငန်း များကို စီစဉ်ဖန်တီးပေးသွားရမှာ ဖြစ်ပါတယ်။

မူလတန်းအဆင့်ပညာရေး သင်ရိုးညွှန်းတမ်းအညွှန်းဘောင်
၁။ မူလတန်းအဆင့်ပညာရေး၏ ရည်မှန်းချက်များ
(က) အသက်အရွယ်နှင့်သင့်လျော်ပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလငါးတန် ဘက်စုံဟန်ချက် ညီ ဖွံ့ဖြိုးမှုရရှိရန်
(ခ) မြန်မာဘာသာစကား ကျွမ်းကျင်မှု ၄ မျိုး (အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်၊ အရေးအသား)၏ အခြေခံကို အသက်အရွယ်နှင့်လျော်ညီစွာ တတ်မြောက်ရန်
(ဂ) တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် သင်ကြားရန်သတ်မှတ်ထားသော တိုင်းရင်းဘာသာစကား ကျွမ်းကျင်မှု ၄ မျိုး (အနာအကြား၊ အပြောအဆို၊ အဖတ်အရွတ်၊ အရေးအသား)၏ အခြေခံကိုအသက်အရွယ်နှင့် လျော်ညီစွာတတ်မြောက်ရန်
(ဃ) အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု ၄ မျိုး(အနာအကြားအပြောအဆို၊ အဖတ်အရွတ်အရေးအသား)၏အခြေခံကိုအသက်အရွယ်နှင့် လျော်ညီစွာတတ်မြောက်ရန်
(င) အခြေခံသင်္ချာတွက်ချက်မှုများကို လက်တွေ့ဘဝတွင်ကျွမ်းကျင်စွာ အသုံးချနိုင်ရန်
(စ) မိမိပတ်ဝန်းကျင်ရှိ သဘာဝဖြစ်စဉ်ကို သိပ္ပံနည်းကျစူးစမ်းလေ့လာ၍ ရရှိလာသော အခြေခံသိပ္ပံ အသိပညာများနှင့် ကျွမ်းကျင်မှုများကို လက်တွေ့ဘဝနှင့် ဆက်စပ်အသုံးချနိုင်ရန်
(ဆ) မိမိနိုင်ငံ၏ ပထဝီဝင် အချက်အလက်၊ အနေအထားနှင့် သမိုင်းဆိုင်ရာ အဖြစ် အပျက်များကို သိရှိ နားလည်ပြီးမိမိနိုင်ငံအပေါ် မြတ်နိုးတန်ဖိုးထားတတ်ရန်
(ဇ) နိုင်ငံသားကောင်း တစ်ယောက်တွင်ရှိရမည့် အ
ခြေခံစရိုက်လက္ခဏာများ ဖြစ်ထွန်းစေသည့် အသိ ပညာ၊ ကျွမ်းကျင်မှုသဘောထား၊ အနုပညာရသခံစားတတ်မှုနှင့် အပြုအမူများ ဖွံ့ဖြိုးရန်
(ဈ) ကာယလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်ဆက်စပ်သော ဗဟုသုတ၊ သဘောထားများကို နေ့စဉ်လူမှုဘဝတွင် ကျင့်သုံးခြင်းအားဖြင့် ကျန်းမာသန်စွမ်းသော စိတ်နှင့် ခန္ဓာကို ပြုစုပျိုးထောင်ရန်
မူလတန်းအဆငိ့သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံ
၂။ မူလတန်းအဆင့်သင်ရိုးညွှန်းတမ်းတွင် အဓိကသင်ရိုးဝင် သင်ယူမှုနယ်ပယ် (၁၀)ခု ပါဝင်သည်။ ယင်းသင်ယူမှုနယ်ပယ် ၁၀ခုမှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှုရေး၊ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာ ကျွမ်းကျင်စရာ၊ ကာယ ပညာ၊ အနုပညာ(ဂီတနှင့်ပန်းချီ)နှင့် ဒေသဆိုင်ရာသင်ရိုးတို့ဖြစ်ပါတယ်။ စာရိတ္တနှင့် ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ ဘာသာရပ်နှစ်ခုမှ သင်ခန်းစာအချို့အား ဆက်စပ်သော သင်ရိုးဝင်ဘာသာရပ်များ၌လည်း ထည့်သွင်းဖော်ပြသွားမှာဖြစ်ပါတယ်။
၃။ မူလတန်းပညာသင်နှစ်တွင် ရက်သတ္တပတ် (၃၆)ပတ်ရှိပြီး တစ်နှစ်လျှင် သင်ချိန်နာရီ စုစုပေါင်းမှာ ၈၄၀ နှင့် ၉၆၀ အကြားရှိပါတယ်။ မူလတန်းအောက်ဆင့် ပထမတန်းမှ တတိယတန်းထိ သင်ချိန်တစ်ချိန်လျှင် (၄၀)မိနစ်၊ တစ်နေ့သင်ချိန်(၇)ချိန်၊ သင်ချိန်နာရီ(၄နာရီ၄၀မိနစ်)ဖြင့် တစ်နှစ်သင်ချိန်နာရီ စုစုပေါင်း(၈၄၀)နာရီ ရှိပါတယ်။ မူလတန်းအထက်ဆင့် စတုတ္ထတန်းနှင့်ပဉ္စမတန်းတွင် သင်ချိန်တစ်ချိန်လျှင်(၄၀)မိနစ်၊ တစ်နေ့ သင်ချိန်(၈)ချိန်၊ သင်ချိန်နာရီ (၅ နာရီ ၂၀ မိနစ်)ဖြင့် တစ်နှစ်သင်ချိန် နာရီစုစုပေါင်း (၉၆၀) နာရီဖြင့် သင်ကြား ပေးသွားမှာ ဖြစ်ပါတယ်။
၄။ အခြေခံပညာရေး၏ အရေးအကြီးဆုံးအတန်းဖြစ်သည့် မူလတန်းပညာရေးတွင် Grade-1, Grade-2, Grade-3 အတန်းများ၌ အခြေခံ အဖတ် အရေး အတွက်များ ကျွမ်းကျင်အောင်သင်ကြားပေးရမှာဖြစ်ပါ
တယ်။ သို့မှသာလျှင် Grade-1, Grade-2, Grade-3 အတန်းများ ပြီးဆုံးသွားသည့်အခါ ကျောင်းသား ကျောင်းသူ အားလုံး စာဖတ်နိုင်၊ ရေးနိုင်၊ တွက်နိုင်ပြီး ပညာဆက်လက်သင်ယူနိုင်ရန်အတွက် အခြေခံကောင်းများကို ရရှိ သွားမှာ ဖြစ်ပါတယ်။
သင်ကြားသင်ယူမှု ချဉ်းကပ်နည်းများ
၅။ ကလေးဗဟိုပြု ချဉ်းကပ်နည်းအပါအဝင် ထိရောက်သော သင်ကြားသင်ယူနည်းများကို အသုံးပြုရာ တွင် အောက်ပါအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
(က) သင်ယူမှုဖြစ်ရန် အထောက်အပံ့ပေးသည့် ဝန်းကျင်ကောင်းကိုဖန်တီးခြင်း
(ခ) ပြန်လည်စဉ်းစား သုံးသပ်သည့်တွေးခေါ်မှုမျိုး လုပ်ဆောင်ရန်အားပေးခြင်း
(ဂ) သင်ယူမှုအသစ်ကို လိုအပ်ချက်များနှင့်အညီဆီလျော်မှုရှိရန်စီစဉ်ဖန်တီးပေးခြင်း
(ဃ) မျှဝေသင်ယူမှုဖြစ်ရန်စီစဉ် ပံ့ပိုးပေးခြင်း
(င) ယခင်လေ့လာဆည်းပူးခဲ့သည့်သင်ယူမှုနှင့် အတွေ့အကြုံများကို အခြေခံဆက်စပ် ဆက်လက် သင်
ကြားပေးခြင်း
(စ) လုံလောက်သော သင်ယူမှုအခွင့်အလမ်းများ ဖန်တီးပေးခြင်း
(ဆ) သင်ကြားသင်ယူမှု၏ အဆက်အစပ်ရှိသည့်အနေအထားနှင့်အကျိုးသက်ရောက်မှုအတိုင်းအတာတို့ကို စူးစမ်းလေ့လာခြင်း
စစ်ဆေးအကဲဖြတ်ခြင်း
၆။ မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူတို့၏ တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရာမှာအောက်ပါအဆင့်(၄)ဆင့်နဲ့ ဆောင်ရွက်သွားမှာပါ။
(က) စာသင်ခန်းအဆင့် အကဲဖြတ်ခြင်း
စာသင်ခန်းအဆင့် ကျောင်းသား၊ ကျောင်းသူတို့၏ တတ်မြောက်မှုကို အကဲဖြတ် ရာတွင် သင်ခန်းစာအလိုက် တတ်မြောက်မှုကို နှုတ်ဖြေ၊ ရေးဖြေစနစ်ဖြင့်ဖြစ်စေအိမ်စာပေး၍ဖြစ်စေ၊ Group Project အပါအဝင်လုပ်ငန်းပေး၍ဖြစ်စေ၊ သင်ယူဆဲတတ်မြောက်မှုကို အကဲဖြတ်မှာပါ။
(ခ) ကျောင်းအဆင့်အကဲဖြတ်ခြင်း
ကျောင်းအဆင့်တွင် အတန်းအလိုက် ပထမအကြိမ် စစ်ဆေးမှု၊ ဒုတိယအကြိမ်စစ်ဆေးမှုနှင့် နှစ်ဆုံး စာမေးပွဲတို့ပြုလုပ်မှာပါ။ ယင်းသုံးကြိမ် စစ်ဆေးမှုရလဒ်များနှင့် စာသင်ခန်းအဆင့် အကဲဖြတ်မှတ်တမ်းများပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူ များကို အတန်းတင်ပေးမှာ ဖြစ်ပါတယ်။
(ဂ) အခြေခံပညာအဆင့်အလိုက် သင်ယူပြီးမြောက်မှု အကဲဖြတ်ခြင်း
အခြေခံပညာမူလတန်းအဆင့်ပြီးမြောက်မှုကို ဒေသအဆင့်ကျင်းပသော စာမေးပွဲဖြင့် နှစ်စဉ် အကဲဖြတ်မှာဖြစ်ပါတယ်။ မူလတန်းအဆင့် သင်ယူပြီးမြောက်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အနေနဲ့ မူလတန်းအဆင့်ရည်ရွယ်ချက်များနှင့်အညီ မည်သည့်အတိုင်းအတာအထိ တတ်မြောက်သွားသည်ကို စစ်ဆေးသော မူလတန်းအဆင့်ပြီးမြောက်မှု စာမေးပွဲကို ခရိုင်
သို့မဟုတ် မြို့နယ်အဆင့်မှ တာဝန်ယူစစ်ဆေးရန်ဖြစ်ပါတယ်။ အဆိုပါ စာမေးပွဲအောင်မြင်သူများ ကို အခြေခံပညာမူလတန်းအဆင့် ပြီးမြောက်မှုလက်မှတ်ချီးမြှင့်ပြီး အလယ်တန်းအဆင့်သို့ကူးပြောင်းသင်ယူခွင့်ပြုမှာပါ။
(ဃ) နိုင်ငံအဆင့်အကဲဖြတ်ခြင်း
အခြေခံပညာမူလတန်းအဆင့် တတိယတန်းအဆုံးတွင် အဓိကသင်ယူမှုနယ်ပယ် အချို့နှင့် ပတ်သက်၍ ကျောင်းသား၊ကျောင်းသူအချို့ရဲ့ တတ်မြောက်မှုကို နိုင်ငံအဆင့် နမူနာ ကောက်ယူ၍ နှစ်စဉ်ဖြစ်စေ၊ နှစ်နှစ်နှစ် တစ်ကြိမ်ဖြစ်စေ၊ ပုံမှန်စစ်ဆေးမှာ ဖြစ်ပါတယ်။
၃။ အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းများအား EYE Project အရ ဆောင်ရွက်သည့် သက်မွေးပညာ သင်ရိုးသစ်များကို ကူးပြောင်းသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်အတွက် လုပ်ငန်းခွင်အခြေပြု အခြေခံအချက်အလက်များကို သက်ဆိုင်ရာဘာသာရပ်အလိုက် (ဥပမာ-အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ စသည် တို့တွင်) ထည့်သွင်းသင်ကြားပေးသွားရန်နှင့် Soft Skills များ ရရှိစေရန် စီစဉ်ဆောင်ရွက်မည်ဖြစ်ပါသည်။ သင်ကြားသင်ယူမှုချဉ်းကပ်နည်းများ
၄။ အလယ်တန်းအဆင့် သင်ရိုးညွှန်းတမ်းအသစ်ကို တစ်တန်းပြီးတစ်တန်း စတင်မိတ်ဆက်ပေးသော ပညာသင်နှစ်များတွင် အလယ်တန်းအဆင့်၌ ကျွမ်းကျင်မှုကို အခြေပြုသည့် သင်ကြား သင်ယူမှု ချဉ်းကပ်နည်း များကို စတင်အသုံးပြုပါမှာပါ။ ဆရာ၊ ဆရာမများသည် သင်ယူမှုနယ်ပယ်နှင့် သင်ခန်းစာအပေါ်မူတည်၍ သင့်လျော်သော သင်ကြားနည်းအမျိုးမျိုးကိုရွေးချယ်၍ အသုံးပြုတတ်ရမှာပါ။ ဆရာ၊ ဆရာမများသည် သင်ကြားပို့ချမည့် သင်ခန်းစာများကို ကောင်းစွာကြိုတင်ပြင်ဆင်၍ မိမိတို့သင်ကြားမယ့် သင်ခန်းစာရဲ့ ရည်ရွယ်ချက်နှင့် ကျောင်းသားများရရှိမယ့်မျှော်မှန်းရလဒ်များကိုပါ ရေးသားဖော်ပြရမှာပါ။ သင်ခန်းစာ တိုင်းသည် ကျောင်းသားများရဲ့ ရှေးဦးသင်ယူထားမှုအပေါ်အခြေခံ၍ စဉ်ဆက်မပြတ် ဆက်လက်သင်ယူနိုင်စေရန် စီစဉ်ပေးရမှာပါ။
စစ်ဆေးအကဲဖြတ်ခြင်း
၅။ အလယ်တန်းအဆင့် အတန်းစဉ်အလိုက် အရည်အသွေးအကဲဖြတ်ရာတွင် သင်ယူစဉ်စစ်ဆေးအကဲဖြတ် ခြင်းနှင့် သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း တို့ပါဝင်ပြီး သင်ယူစဉ်စစ်ဆေး အကဲဖြတ်ခြင်းသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူများကို ၎င်းတို့၏ သင်ကြားမှုမှရရှိသော အားနည်းချက်၊ အားသာချက်များကို မပြတ်ကြပ်မတ်ကြည့်ရှုပြီး တိုးတက်မှုရှိအောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းသည် သင်ကြားသင်ယူမှုပြီးဆုံးချိန်၌ရရှိသော သင်ယူမှုရလဒ်ကို အကဲဖြတ်နိုင်ရန် ဖြစ်ပါတယ်။ အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူတို့၏ တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရာတွင် အောက်ပါ အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်မှာဖြစ်ပါတယ်။
(က) စာသင်ခန်းအဆင့်အကဲဖြတ်ခြင်း
စာသင်ခန်းအဆင့် ကျောင်းသား၊ကျောင်းသူတို့၏ တတ်မြောက်မှုကို အကဲဖြတ်ရာတွင် သင်ခန်းစာအလိုက် တတ်မြောက်မှုကို နှုတ်ဖြေ၊ ရေးဖြေစနစ်ဖြင့်ဖြစ်စေ၊ အိမ်စာပေး၍ဖြစ်စေ၊ Group Project အပါအဝင် လုပ်ငန်းပေး၍ဖြစ်စေ၊ သင်ယူဆဲတတ်မြောက်မှုကို အကဲဖြတ် ရမှာပါ။
(ခ) ကျောင်းအဆင့်အကဲဖြတ်ခြင်း ကျောင်းအဆင့်တွင် အတန်းအလိုက် သင်ပြီးသောသင်ခန်းစာများကို ပထမအကြိမ် စစ်ဆေးမှု၊ ဒုတိယအကြိမ်စစ်ဆေးမှုနှင့် သင်ရိုးကုန်စစ်ဆေးသော နှစ်ဆုံးစာမေးပွဲတို့ပြုလုပ်ရမှာဖြစ်ပြီး ယင်း သုံးကြိမ် စစ်ဆေးမှုရလဒ်များနှင့် စာသင်ခန်းအဆင့် အကဲဖြတ်မှတ်တမ်းများပေါ်မူတည်၍ ကျောင်းသား၊ ကျောင်းသူများရဲ့ Grading စနစ်နဲ့ အတန်းတင်ပေးရမှာဖြစ်ပြီး ကျောင်းခေါ်ချိန်ကလည်း အနည်းဆုံး ၇၅% ပြည့်မီရမှာဖြစ်ပါတယ်။
(ဂ) အခြေခံပညာအဆင့်အလိုက်သင်ယူပြီးမြောက်မှုအကဲဖြတ်ခြင်း အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်မှုကို ဒေသအဆင့်ကျင်းပသောစာမေးပွဲဖြင့် နှစ်စဉ်အကဲဖြတ်ရမှာဖြစ်ပြီး အလယ်တန်းအဆင့် သင်ယူပြီးမြောက်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အလယ်တန်းအဆင့် ရည်ရွယ်ချက်များနှင့်အညီ မည်သည့်အတိုင်းအတာအထိ တတ်မြောက်သွားသည်ကို စစ်ဆေးသောအလယ်တန်းအဆင့် ပြီးမြောက်မှုစာမေးပွဲကို တိုင်းဒေသကြီး/ပြည်နယ်အဆင့်မှ တာဝန်ယူစစ်ဆေးရန်ဖြစ်ပြီး အဆိုပါစာမေးပွဲ အောင်မြင်သူများကို အခြေခံပညာအလယ်တန်းအဆင့်ပြီးမြောက်မှု လက်မှတ်ချီးမြှင့်ပြီးအထက်တန်းအဆင့်သို့ ကူးပြောင်းသင်ယူခွင့်ပြုမှာဖြစ်ပါတယ်။
(ဃ) နိုင်ငံအဆင့်အကဲဖြတ်ခြင်း
အခြေခံပညာအလယ်တန်းအဆင့် သတ္တမတန်း(Grade7)အဆုံးတွင် အဓိကသင်ယူမှု နယ်ပယ်အချို့နှင့် ပတ်သက်၍ ကျောင်းသား၊ကျောင်းသူအချို့ ရဲ့တတ်မြောက်မှုကို နိုင်ငံအဆင့် နမူနာကောက်ယူ၍နှစ်စဉ်ဖြစ်စေ၊ နှစ်နှစ် တစ်ကြိမ်ဖြစ်စေ ပုံမှန်စစ်ဆေးမှာဖြစ်ပါတယ်။
အထက်တန်းအဆင့်ပညာရေး သင်ရိုးညွှန်းတမ်းအညွှန်းဘောင်
၁။အထက်တန်းအဆင့်ပညာရေး၏ရည်မှန်းချက်များ
(က) အသက်အရွယ်နှင့်သင့်လျော်သော ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဗလငါးတန် ဘက်စုံဟန်ချက်ညီ ဖွံ့ဖြိုးမှုရရှိရန်
(ခ) မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ဘာသာစကားနှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုး ထားရန်
(ဂ) အထက်တန်းအဆင့်အတွက် လေ့လာသင်ယူရန် သတ်မှတ်ထားသော သင်ယူမှုနယ်ပယ် အလိုက်လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှုများနှင့်သဘောထားများ ဖွံ့ဖြိုးတိုးတက်ရန်
(ဃ) အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ သင်ယူမှုနှင့် အဆင့်မြင့်ပညာဆိုင်ရာ သင်ယူမှုတို့အတွက် လိုအပ်သော လက်တွေ့အသုံးချနိုင်သည့် အသိပညာ၊ ကျွမ်းကျင်မှုများနှင့် စိတ်နေသဘောထားများရရှိရန်
(င) နိုင်ငံသားကောင်းတစ်ယောက်တွင်ရှိရမည့် စရိုက်လက္ခဏာများ၊ ဒီမိုကရေစီ အလေ့အကျင့် ကောင်းများ၊ ပြည်သူ့နီတိကျင့်စဉ်များဖြစ်ထွန်းစေသည့် အသိပညာ၊ ကျွမ်းကျင်မှု၊ သဘောထား၊ အနုပညာရသခံစားတတ်မှုနှင့် အပြုအမူများ ဖွံ့ဖြိုးတိုးတက်ရန်
(စ) ကာယလှုပ်ရှားမှုများတွင်ပါဝင်ဆောင်ရွက်ခြင်း၊ ကျန်းမာရေးနှင့်ဆက်စပ်သော ဗဟုသုတ၊ သဘောထားများကို နေ့စဉ်ဘဝတွင် ကျင့်သုံးခြင်းအားဖြင့် ကျန်းမာသောခန္ဓာကိုယ်နှင့်ကြံ့ခိုင်သောစိတ်ဓာတ်ကို ပြုစုပျိုးထောင်ရန်
(ဆ) အခြေခံပညာအဆင့်ပြီးပြည့်စုံမှုကိုဖော်ပြသည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့် စိတ်နေသဘောထား များ ဖွံ့ဖြိုးတိုးတက်ရန်
(ဇ) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံသားတစ်ဦးအဖြစ် မြတ်နိုးဂုဏ်ယူတတ်စေရန်အထက်တန်းအဆင့်သင်ရိုးညွှန်းတမ်းဖွဲ့စည်းပုံ
၂။ အထက်တန်းအဆင့်တွင် စာသင်ချိန် တစ်ချိန်လျှင်(၄၅)မိနစ်၊ တစ်နေ့လျှင်(၈)ချိန်ဖြင့် တစ်နေ့သင်ချိန် (၆)နာရီ၊ သတ္တပတ်(၃၆)ပတ်နှင့် တစ်နှစ်လျှင် သင်ကြားချိန်နာရီ စုစုပေါင်း(၁၀၈၀)နာရီကြာ သင်ကြားပို့ချမှာ ဖြစ်ပြီး မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာဘာသာရပ်များနှင့် ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ ဘောဂဗေဒဘာသာရပ်များကို ကျောင်းသား၊ကျောင်းသူများအတွက် ၎င်းတို့ ဆက်လက်တက်ရောက်လိုသည့် တက္ကသိုလ်များရဲ့ သတ်မှတ်ချက်များနှင့်ကိုက်ညီစွာ ရွေးချယ်သင်ယူသွားနိုင်ရန် စီစဉ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျန်သင်ရိုးဝင်ဘာသာရပ်များဖြစ်သည့် စာရိတ္တနှင့်ပြည်သူ့နီတိ၊ ဘဝတွက်တာကျွမ်းကျင်စရာ၊ ကာယပညာ၊ အနုပညာ(ဂီတ/ပန်းချီ)နှင့် ဒေသဆိုင်ရာသင်ရိုးများကို သတ်မှတ်ခွဲဝေ စာသင်ချိန်များအတိုင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
သင်ကြားသင်ယူမှုချဉ်းကပ်နည်းများ
၃။ အထက်တန်းအဆင့်သင်ရိုးညွှန်းတမ်းသစ်ကို … တစ်တန်းပြီးတစ်တန်း စတင်မိတ်ဆက်ပေးသော ပညာသင်နှစ်များတွင် အထက်တန်းအဆင့် ကျောင်းများ၌ ကျွမ်းကျင်မှုကို အခြေပြုသည့် သင်ကြားသင်ယူမှု ချဉ်းကပ်နည်းများနဲ့ စတင်မိတ်ဆက်ပေးနိုင်ပါတယ်။ ဆရာ၊ ဆရာမများသည် ဘာသာရပ်နှင့်သင်ခန်းစာ ပေါ်မူတည်၍ သင့်လျော်သော သင်ကြားနည်းအမျိုးမျိုးကိုရွေးချယ်၍ အသုံးပြုတတ်ရမှာဖြစ်ပြီး ဆရာ၊ ဆရာမများသည် သင်ကြားပို့ချမည့် သင်ခန်းစာများကို ကောင်းစွာကြိုတင်ပြင်ဆင်၍ မိမိတို့ သင်ကြားမည့်သင်ခန်းစာရဲ့ ရည်ရွယ်ချက်နှင့် ကျောင်းသားများရရှိမည့် မျှော်မှန်းရလဒ်များကိုပါ ရေးသားဖော်ပြရပါမှာပါ။သင်ခန်းစာတိုင်းသည် ကျောင်းသား၊ကျောင်းသူများ ရှေးဦးသင်ယူထားပြီးမှု အပေါ်မူတည်၍ ဆက်လက်သင်ယူစေရမှာပါ။
စစ်ဆေးအကဲဖြတ်ခြင်း
၄။ အထက်တန်းအဆင့် အတန်းစဉ်အလိုက် အရည်အသွေးအကဲဖြတ်ရာတွင် သင်ယူစဉ်စစ်ဆေး အကဲဖြတ်ခြင်းနှင့်သင်ယူပြီး စစ်ဆေးအကဲ ဖြတ်ခြင်းတို့ပါဝင်ပြီး သင်ယူစဉ် စစ်ဆေးအကဲဖြတ်ခြင်းသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ၎င်းတို့၏ သင်ကြားမှုမှရရှိသော အားနည်းချက်၊ အားသာချက်များကို မပြတ်ကြပ်မတ်ကြည့်ရှုပြီး တိုးတက်မှုရှိအောင် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သင်ယူပြီး စစ်ဆေးအကဲဖြတ်ခြင်းသည် သင်ကြားသင်ယူမှု ပြီးဆုံးချိန်၌ရရှိသော သင်ယူမှုရလဒ်ကို အကဲဖြတ်နိုင်ရန် ဖြစ်ပါတယ်။ အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူတို့၏ တတ်မြောက်မှုကို စစ်ဆေးအကဲဖြတ်ရာတွင်
အောက်ပါ အဆင့်(၄)ဆင့်ဖြင့် ဆောင်ရွက်သွားမှာပါ။
၆။ စနစ်သစ်(KG+12)သင်ရိုးညွှန်းတမ်းသည် ကျောင်းသားကျောင်းသူအများစုရဲ့ အလွတ်ကျက်မှတ်သည့် အလေ့အထမှ သင်ယူမှုဆိုင်ရာ ကျွမ်းကျင်မှုများဖြစ်တဲ့ လေးနက်စွာစဉ်းစားတွေးခေါ်ခြင်း၊ ကြောင်းကျိုးဆက်စပ် စဉ်းစားခြင်း၊ ပြဿနာဖြေရှင်းခြင်း၊ ဆုံးဖြတ်ချက်ချခြင်းညှိနှိုင်းတတ်ခြင်း၊ ဆက်သွယ်ပြောဆိုတတ်ခြင်း၊ စုပေါင်းလုပ်ဆောင်တတ်ခြင်းအစပျိုးလုပ်ဆောင်နိုင်ခြင်း၊ တီထွင်ဖန်တီးခြင်းစတဲ့ ကျွမ်းကျင်မှုများအပါအဝင် (၂၁)ရာစုကျွမ်းကျင်မှုများနှင့် ဗလငါးတန်ဖွံ့ဖြိုးမှုကိုရရှိနိုင်ရန် ရည်သန် ဆောင်ရွက်ထားခြင်းဖြစ်ပါတယ်။ အခြေခံပညာအဆင့်တွင် အဆိုပါကျွမ်းကျင်မှုများကိုရရှိအောင် ပြုစုပျိုးထောင် ထားတဲ့ ကျောင်းသား၊ကျောင်းသူများအတွက် အဆင့်မြင့်ပညာကဏ္ဍတွင် ၎င်းတို့ရဲ့ စိတ်ဝင်စားရာအသက်မွေး ဝမ်းကျောင်းဘာသာရပ်များ၊ ဝိဇ္ဇာ/သိပ္ပံဘာသာရပ်များကို အခက်အခဲမရှိဘဲ လေ့လာသင်ယူနိုင်စွမ်း ရှိမည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
အလယ်တန်းအဆင့်ပညာရေးပြီးမြောက်သူများအနေနဲ့ အထက်တန်းအဆင့်ပညာရေးတွင် မိမိတို့ကြိုက်နှစ်သက်ရာ ရွေးချယ်ရမယ့် ဘာသာရပ်အလိုက်အတွဲများကတော့ အတွဲ(၄)ခုရှိပြီး စာရိတ္တ၊ပြည်သူ့နီတိ၊ဘဝတွက်တာကျွမ်းကျင်စရာ၊ကာယ၊ပန်းချီ၊ဂီတကိုတော့ အတွဲအားလုံးက ကျောင်းသားတွေ သင်ယူရမှာဖြစ်ပါတယ်။
အတွဲ၁မှာတော့
မြန်မာ
အင်္ဂလိပ်
သချ်ာ
ရူပဗေဒ
ဓာတုဗေဒ
ဇီဝဗဒေ
ထပ်ဆောင်းအနေနဲ့
ပထဝီ၊သမိုင်း၊ဘောဂဗေဒ
အတွဲ(၂)မှာတော့
မြန်မာ
အင်္ဂလိပ်
သချာၤ
ရူပဗေဒ
ဓာတုဗေဒ
ဘောဂဗေဒ
ထပ်ဆောင်းအနေနဲ့
ပထဝီ၊သမိုင်း
အတွဲ(၃)မှာတော့
မြန်မာ
အင်္ဂလိပ်
သချာၤ
ပထဝီ
သမိုင်း
ဘောဂဗေဒ
ထပ်ဆောင်းအနေနဲ့
ရူပဗဒေ၊ဓာတုဗဒေ၊ဇီဝဗဒေ
အတွဲ(၄)မှာတော့
မြန်မာ
အင်္ဂလိပ်
သချ်ာ
စိတ်ကြိုက်မြန်မာစာ
ပထဝီ+သမိုင်း
ဘောဂဗေဒ
ထပ်ဆောင်းအနေနဲ့
ရူပဗဒေ၊ဓာတုဗဒေ၊ဇီဝဗဒေ
အတွဲ(၁)ကဘာသာရပ်တွေကို သင်ယူသူများအနေနဲ့
ဆေးတက္ကသိုလ်မှ ကြိုက်နှစ်သက်ရာတက္ကသိုလ်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
အတွဲ(၂)ကဘာသာရပ်တွေ သင်ယူသူများအနေနဲ့
ဆေးဘက်ဆိုင်ရာတက္ကသိုလ်များမှလွဲ၍ ကြိုက်နှစ်သက်ရာတက္ကသိုလ်ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။
အတွဲ(၃)ကဘာသာရပ်တွေ သင်ယူသူများအနေနဲ့
ဆေးဘက်ဆိုင်ရာတက္ကသိုလ်များနှင့်အင်ဂျင်နီယာတက္ကသုလ်များမှလွဲ၍ အခြားသောတက္ကသိုလ်များကို နှစ်သက်ရာရွေးချယ်နိုင်မှာဖြစ်ပါတယ်
အတွဲ(၄)က ဘာသာရပ်တွေ သင်ယူသူများအနေနဲ့ ဝိဇ္ဇာဘာသာရပ်သင်ကြားတဲ့တက္ကသိုလ်များကိုသာရွေးချယ်နိုင်မှာ ဖြစ်တယ်လို့ဖော်ပြရင်းလက်ရှိ မြန်မာနိုင်ငံရဲ့ (KG +12) အခြေခံပညာရေးစနစ်သစ်အကြောင်း ဖော်ပြပေးလိုက်ရပါတယ်။
ကိုးကား-သူငယ်တန်း+တစ်ဆယ့်နှစ်တန်း အခြေခံပညာရေးစနစ်သစ် (KG+12) ပြီးနောက် လိုက်လျောညီထွေဖြစ်မည့် တက္ကသိုလ် ဘာသာရပ်ဆိုင်ရာ သင်ရိုးညွှန်းတမ်းများရေးဆွဲရေးစီမံချက်စာတမ်း