တိုကျို၊ စက်တင်ဘာ ၁၉
ဟစ်ဇ်ဘိုလာတွေ အသုံးပြုနေတဲ့ ဖေါက်ခွဲရေး လုပ်ငန်းတွေမှာ ပြုပြင်ပြီး သုံးလို့ ရနေတဲ့ ဝေါ်ကီ တော်ကီ တွေကို ထုတ်လုပ်ခဲ့တဲ့ ဂျပန်ကုမ္ပဏီက ပြည်ပမှာ ထုတ်လုပ်နေတာကို ရပ်ဆိုင်းလိုက်ပြီလို့ တရားဝင် ကြေငြာလိုက်ပါတယ်။
ဂျပန်ကုမ္ပဏီ Icom ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်ဝန်းကျင်က လက်ဘနွန် ပေါက်ကွဲမှုတွေမှာ ဆက်နွယ်နေတယ်လို့ သံသယရှိတဲ့ ရေဒီယိုပုံစံကို ထုတ်လုပ်တာ ရပ်ဆိုင်းလိုက်ပြီလို့ ကြာသပတေးနေ့ (စက်တင်ဘာ ၁၉ ရက်) မှာ ပြောဆိုလိုက်တာဖြစ်ပါတယ်။
ကုမ္ပဏီဟာ “IC-V82 မော်ဒယ်ကို ၂၀၀၄ခုနှစ်ကနေ၂၀၁၄ခုနှစ် အောက်တိုဘာလအထိ အရှေ့အလယ်ပိုင်း အပါအဝင် နိုင်ငံတချို့ကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ “ပင်မယူနစ်ကို လည်ပတ်ဖို့ အတွက် လိုအပ်တဲ့ ဘက်ထရီတွေ ထုတ်လုပ်မှုကိုလည်း ရပ်ဆိုင်း ထားပြီး ဖြစ်ပါတယ်”လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
“ကျွန်ုပ်တို့ရဲ့ ရေဒီယိုအားလုံးကို တင်းကျပ်တဲ့ စီမံခန့်ခွဲမှုစနစ်ဖြင့် ဝါကာယာမာ စီရင်စုက ဝါကာယာကာ အိုင်ကွန် ကုမ္ပဏီ လက်အောက်ခံကုမ္ပဏီခွဲမှာ ထုတ်လုပ်ပါတယ်။ ကျနော်တို့ ကုမ္ပဏီမှာ တင်းကျပ်တဲ့ စည်းကမ်းတွေလည်း ရှိပါတယ်” ဆိုပြီး ကုမ္ပဏီက ပြောပါတယ်။
ကျနော်တို့ ရေဒီယိုအားလုံးကို စက်ရုံတစ်ခုတည်းမှာ ထုတ်လုပ်ထားပြီး နိုင်ငံရပ်ခြားမှာ မထုတ်လုပ်တော့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
Ref: AP
ပုံစာ။ လက်ဘနွန်မှာ ပေါက်ကွဲခဲ့တဲ့ ဝေါ်ကီတော်ကီ အပိုင်းအစတချို့
Feature Image credit: AP