သက်ဆိုင်ရာဘက်သီးသီးမှ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး တရုတ်-မြန်မာနယ်စပ် လုံခြုံရေးနှင့်တည်ငြိမ်ရေးကို အာမခံချက်ပေးရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့် ရှိသူ Mao Ning က ယနေ့ ၂၀၂၃ အောက်တိုဘာလ ၂၇ ရက်နေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင်ပြောသည်။
သတင်းထောက်တစ်ဦးက ယခုရက်ထဲ မြန်မာစစ်တပ်နှင့် MNDAA အကြား စစ်ရေးပဋိပက္ခ ဖြစ်ပွါးနေသည့်အပေါ် တရုတ်နိုင်ငံက ဘယ်လိုမှတ်ချက်ပြုလိုပါသလဲဟု မေးမြန်းခဲ့သည်။


ယင်းမေးခွန်းနှင့်ပတ်သက်ပြီး Mao Ning က “တရုတ်နိုင်ငံဟာ သက်ဆိုင်ရာပဋိပက္ခအခြေအနေကို များစွာဂရုပြုနေကြောင်း၊ သက်ဆိုင်ရာဘက်သီးသီးမှ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး ဆွေးနွေးညှိနှိုင်းကာ ငြိမ်းချမ်းတဲ့နည်းလမ်းဖြင့် အငြင်းပွားမှုကို ဖြေရှင်းရန်၊ အခြေအနေ ပိုမိုဆိုးရွားလာမှုကို ရှောင်ရှားရန်၊ လက်တွေ့ထိရောက်တဲ့ ဆောင်ရွက်ချက်များဖြင့် တရုတ်-မြန်မာ နယ်စပ် လုံခြုံရေးနဲ့ တည်ငြိမ်ရေးကို အာမခံချက်ပေးရန် တိုက်တွန်းကြောင်း “ပြောကြားခဲ့သည်။
ရှမ်းမြောက် ချင်းရွှေဟော်၊ လောက်ကိုင်နောက်ဘက်ခြမ်း၊ သိန္ဒီနားလေးတဝိုက်၊လားရှိုးရှေ့ဘက်ခြမ်းစသည်တို့တွင် တစ်ပြိုင်တည်းဖြစ်ပွါးခဲ့သည့် ယနေ့တိုက်ပွဲနှင့်စပ်လျဉ်းပြီး စစ်တပ်ဘက်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ရဲနှင့်ပြည်သူ့စစ်တို့အကျအဆုံးရှိသည်ဟု VOAကိုပြောသည်။အရေအတွက်ကိုမူ ထည့်မပြောပေ။
ယင်းအပြင် ချင်းရွှေဟော်မြို့ထဲရှိ ယခင်ကိုးကန့်ဒေသ ခေါင်းဆောင်ဟောင်း ဦးပယ်ဆောက်ချိန်၏ ဟိုတယ်မှ ဝန်ထမ်းအချို့နှင့် အရပ်သားအချို့ကို ဝ အထူးဒေသ ၂ ရှိ နမ့်တစ် ဘက်ကိုဖမ်းဆီးခေါ် ဆောင်သွားမှုရှိ၍ ပြန်လွှတ်ပေးဖို့ ဝ ဒေသဘက်ကိုဆက်သွယ်တောင်းဆိုနေကြောင်းလည်းပြောသည်။
တိုက်ပွဲကြောင့် တရုတ်-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းရုတ်တရက်ပိတ်လိုက်ရပြီး ကုန်စည်စီးဆင်းမှု ရပ်တန့်နေသည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့များက စခန်းကုန်းအချို့သိမ်းယူထားပုံနှင့်သိမ်းဆည်းလက်နက်များယနေ့ ညနေတွင် တရားဝင်ထုတ်ပြန်လာသည်ကိုတွေ့ရသည်။