ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့၏ ဆွေးနွေးဖက် နိုင်ငံများတွင် မြန်မာနိုင်ငံပါဝင်ခွင့်ရ

  • ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ်အစည်းအဝေးကာလ အတွင်း လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်
အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင် လက်မှတ်ရေးထိုးနေပုံ
ဓါတ်ပုံ။ ဖေ့စ်ဘွတ်

ဂိုအာ(အိန္ဒိယ)၊ မေ ၄-၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံအား ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (Shanghai Cooperation Organisation –SCO) ၏ ဆွေးနွေးဖက်နိုင်ငံ အဖြစ် ခွင့်ပြုကြောင်း စာချွန်လွှာကို အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့၌ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသည့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ဆက်စပ် အ စည်း အဝေးကာလ အတွင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ရှန်ဟိုင်းပူးပေါင်း ဆောင်ရွက် မှု အဖွဲ့ (SCO) ၏ အထွေထွေအတွင်းရေးမှူးချုပ် Mr. Zhang Ming တို့ ယနေ့ မေလ ၅ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း MOFA က ထုတ်ပြန်လိုက်သည်။

အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံနှင့်အတူ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) ၏ ဆွေးနွေးဖက်နိုင်ငံများဖြစ်လာသည့် အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ကူဝိတ်နှင့် မော်လ်ဒိုက်ဗ်နိုင်ငံတို့မှ ကိုယ်စား လှယ်များလည်း တက်ရောက် လက်မှတ် ရေးထိုးခဲ့ကြ‌ကြောင်း သိရသည်။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) သည် အစိုးရအချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်သော အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး၊ ၂၀၀၁ ခုနှစ်၊ ဇွန်လ ၁၅ ရက်က တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းလည်း ထုတ်ပြန်ချက် က ဆိုသည်။

SCO ၏ တင်းပြည့်အဖွဲ့ဝင်များမှာ တရုတ်၊ အိန္ဒိယ၊ ကာဇက် စတန်၊ ကာဂျစ်စတန်၊ ပါကစ္စတန်၊ ရုရှား၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘတ်ကစ္စတန် နိုင်ငံတို့ဖြစ်ကြကြောင်း ၊SCO သည် အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ ကုန်သွယ်ရေး၊ ပတ်ဝန်း ကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊ ယဉ်ကျေးမှု၊ ပညာရေး၊ စွမ်းအင်၊ ပို့ဆောင်ဆက်သွယ်ရေးစသည့် နယ်ပယ်များတွင် အဓိက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *