ရှင်သန်နေဆဲ နွေဦးရက်စွဲမျာ:

ဧပြီလ ၁ ရက်နေ့ကို ရောက်ပြီလို့ ဆိုလိုက်တိုင်း ကမ္ဘာအရပ်ရပ်က လူကြီး လူငယ်အမြောက်အများက တစ်နေမကုန်မချင်း ရင်တထိတ်ထိတ် ဖြစ်နေရတယ်။ တချို့ တွေက အဲဒီ ရင်ထိတ်နေရတာကြီး မြန်မြန်လွန်မြောက်သွားဖို့ရာ နေဝင်သွားမယ့် အချိန် ဒါမှမဟုတ် တစ်နေ့တာ ကုန်သွားမယ့် အချိန်ကို လက်ချိုးပြီး စောင့်နေတတ်တယ်။ တချို့ ကတော့ ဒီနေ့ ဘာများ ကြားရဦးမှာလဲ၊ ဘာများဖြစ်ဦးမလဲဆိုပြီး မျှော်လင့်တစ်ကြီးနဲ့ သက်သက်မဲ့ရည်ရွယ်ပြီး စောင့်နေတဲ့ လူတွေကလည်း ရှိသေးရဲ့။

အဲဒီနေ့က April Fools’ Day လေ။ နှစ်စဉ်နှစ်တိုင်းဧပြီလ ၁ ရက်နေ့မှာ ကျရောက်တဲ့ ပျော်စရာနေ့ရက်တစ်ရက်ပေါ့။ အဲ့ဒီနေ့က အစိုးရရုံးပိတ်ရက်တစ်ခုကတော့ မဟုတ်ပေမယ့် အလုပ်ထဲအကိုင်ထဲ၊ စာသင်ခန်းထဲ၊ ဈေးထဲ၊ ရပ်ကွက်ထဲမှာ ရတဲ့အချိန်‌လေးကိုလုပြီး April Fools’ Day ကို ဆင်နွှဲလေ့ရှိကြတယ်။ ဒါကလည်း အနောက်နိုင်ငံတွေကနေစလိုက်တဲ့ ယဉ်ကျေးမှုနဲ့မဆိုင်တဲ့ နေ့တစ်‌နေ့လို့ ဆိုရမှာဖြစ်ပေမယ့် အဲဒီနေ့ရဲ့ သဘောတရားအခြေခံက ပျော်စရာကောင်းနေတော့ အာရှနိုင်ငံတွေကိုလည်း  ကူးစက်လာရတာ မဆန်းပါဘူး။ အဲ့ဒီနေ့ မှာ တစ်ယောက်ကိုတစ်ယောက် မထင်မှတ်တဲ့ဟာသတွေ ဖြစ်အောင် အတည်ပေါက်နဲ့ လှည့်စားနောက်ပြောင်တဲ့အစဉ်အလာက ယနေ့တိုင် သမိုင်းလက်ဆင့်ကမ်းပြီးရောက်လာခဲ့ ပါပြီ။ လူ့သဘောကိုက အတွင်းစိတ်က အယုံလွယ်တယ်လေ။ နောက်ပြီးမြှောက်မှန်းသိလျှက်နဲ့ မြောက်တတ်ကြတဲ့ သဘာဝ ရှိတော့ April Fools’ Dayမှာ အဲဒီလို လူတွေအများဆုံး ဟာသအလုပ်ခံရ၊ အရူးလုပ်ခံရတော့ တာပေါ့။

 April Fools’ Dayနဲ့ ပတ်သက်လို့ အစောဆုံးတွေ့ရတဲ့မှတ်တမ်းကို ဖော်ထုတ်ကြတဲ့ အခါမှာ ၁၃၉၂ ခုနှစ်က ထုတ်ဝေတဲ့ အင်္ဂလိပ်လူမျိုး စာဆိုကဝိအကျော်အမော် Chaucer (၁၃၄၀-၁၄၀၀) ရဲ့ Canterbury Tales ဆိုတဲ့စာအုပ်ထဲမှာ အဆိုပါနေ့နဲ့ ပတ်သက်တဲ့ မှတ်တမ်းအချို့ကို တွေ့နိုင်ပါတယ်။ အချို့သော သမိုင်းပညာရှင်တွေကတော့ အထက်ပါ အချက်အလက်ကို သိပ်ပြီး လက်မခံကြပါဘူး။ သူတို့ပြောချင်တာက ဇန်နဝါရီလ (၁) ရက်နေ့ ဟောလီးဒေးဖြစ်ကြောင်း ၁၆ ရာစုကတည်းက ခြေခြေမြစ်မြစ်နဲ့ ကျင်းပခဲ့တာတွေရှိနေပြီ။ ဒါပေမဲ့ April Fools’ Day နဲ့ပတ်သက်တဲ့အထောက်အထားက သမိုင်းအချက် အလက်အဖြစ် မှတ်ယူလို့ မရနိုင်ဘူးလို့ ဆိုပါတယ်။

အချို့‌သော သုတေသီက April Fools’ Day ဆိုတာ မတ်လ ၂၅ ရက်မှာ ကျင်းပလေ့ရှိခဲ့တဲ့ ရောမခေတ်က ဟီလာရီရာ ပွဲတော် နဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ကျင်းပလေ့ ရှိခဲ့တဲ့ Medieval လို့ အမည်တပ်ထားတဲ့ ကျီစယ်နောက်ပြောင်တဲ့ ပွဲတော်တွေဆီကနေ ဆင်းသက်လာတယ်လို့ ယူဆကြတယ်။ အဲ့ဒီ ရောမမှတစ်ဆင့် အဲဒီပွဲတော်ဓလေ့ဟာ ကမ္ဘာတစ်ဝှမ်း မှာရှိတဲ့ စပိန်စကား‌ပြောနိုင်ငံတွေဆီ ပျံ့နှံ့သွားတယ်လို့ ဆိုသူက ဆိုပါတယ်။

အလယ်ခေတ်ကာလတုန်းကတော့ ဥရောပနိုင်ငံတွေမှာ နှစ်သစ်ကူးနေ့ဟာ မတ်လ ၂၅ ရက်နေ့ဖြစ်ခဲ့ပြီး နှစ်သစ်ကူးပြီး လူတွေအားလပ်ရက်အဖြစ် ဆက်တိုက်အနားယူပြီးနောက် ဧပြီလ ၁ ရက်နေ့ဟာ နောက်ဆုံးအားလပ်ရက်ဖြစ်ခဲ့ပါတယ်။ ဧပြီလ ၂ ရက်နေ့မှာဆို သက်ဆိုင်ရာ လုပ်ငန်းခွင်အသီးသီးကို ပြန်ဝင်ကြရပါတယ်။ သူတို့အားလပ်ရက်ရဲ့ နောက်ဆုံး နေ့မှာ ပျော်‌ပျော်ပါးပါး ‌နောက်ပြောင်ကျီစယ်ကြတဲ့ ဓလေ့ရှိကြောင်း အဲဒီကမှ April Fools’ Day ဖြစ်ပေါ်လာကြောင်းလည်း အချို့ကဆိုပါတယ်။

သမိုင်းအချက်အလက်တွေ ဘယ်လိုပဲ မူကွဲနေပါစေ နှစ်စဉ်ဧပြီလ ၁ ရက်နေ့ရော က်တိုင်း ကနေဒါ၊ နယူးဇီလန်၊ ယူကေ၊ ဩစတြေးလျ၊ ဆိုက်ပရပ်စ်၊ တောင်အာဖရိက၊ ပြင်သစ်၊ အီတလီ၊ တောင်ကိုးရီးယား၊ ဂျပန်၊ ရုရှား၊ နယ်သာလန်၊ ဂျာမနီ၊ ဘရာဇီး၊ အိုင်ယာလန်နဲ့ အမေရိကန်နိုင်ငံတို့မှာ နှစ်စဉ်မပြတ် ကျင်းပနေကြတာလည်း ဖြစ်ပါတယ်။

အဲ့ဒီနေ့မှာ သတိတော့ထားနေရတာပေါ့။ April Fools’ Day လုပ်မယ့်သူတွေကလည်း သက်သက်မဲ့ကိုကြိုပြီး ဘယ်သူကို ဘယ်လိုနောက်မယ်ဆိုတာ ဉာဏ်နီဉာဏ်နက်တွေ ကြိုပြီးထုတ်ထားကြတယ်။ ပွဲရဲ့ရည်ရွယ်ချက်က မဆိုးလှပေမယ့် တစ်ခါ တစ်ရံတော့ နောက်‌ ပြောင်ခံရသူဟာ နည်းနည်းတော့ စိတ်ကသိကအောက်ဖြစ်ရတာမျိုး ရှိတတ်ပါတယ်။ ဒါပေမဲ့ အတွင်း သားက သန့်ရှင်းတော့ ဘာနဲ့မှသွားပြီး စိတ်ကွက်လို့ မရပါဘူး။ ဒါကြောင့် အဲ့ဒီနေ့က ယုံကြည်သူချင်း၊ သဘောထားကြီး သူချင်း၊ ချစ်ခင်သူချင်းနဲ့သာ သက်ဆိုင်တဲ့ ပျော်စရာနေ့ရက် ဆိုတာ နှစ်ဖက်စလုံးက နားလည်မှုရှိစွာနဲ့ ကျင်းပလာခဲ့တာ နှစ်တွေက ကြာခဲ့ပြီမို့ April Fools’ Day ကတော့ လူတွေရဲ့ကြားမှာ မငြိုးမငယ်နဲ့ ဆက်လက် လန်းဆန်းရှင်သန်နေဦးမှာ အသေအချာပဲဖြစ်ပါတယ်။

ကိုးကား။ world Festival, Wikipedia

By Nicolas K

Leave a Reply

Your email address will not be published. Required fields are marked *