ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီး ရေး-သံဖြူဇရပ်ကားလမ်းတွင် Hijet ကားတစ်စီး အရှိန်လွန်၍ တံတားဘောင်ကိုတိုက်မိရာ ယာဉ်မောင်းနှင့် ကားပေါ်တွင်ပါလာသူ အခြားတစ်ဦးသေဆုံးခဲ့ကြောင်း လမိုင်းပရဟိတလူငယ်များအဖွဲ့ကသိရသည်။


ဖြစ်စဉ်မှာ ယနေ့ မေလ၂၇ ရက်နံနက် ၁၀ နာရီ ၁၅မိနစ်အချိန်က ထားဝယ်ကံပေါက် ဘက် မှ သံဖြူဇရပ်ဘက်သို့မောင်းနှင်လာသော Hijet ကားတစ်စီးက တံတားဘောင်ကို ဝင်တိုက် မိ၍ ယာဉ်မတော်တဆမှုဖြစ်ခဲ့ကြောင်း သိရသည်။


ယင်းမတော်တဆမှုကြောင့် ကားပေါ်တွင်ပါလာသူ မိသားစုဝင်၏ သုံး ဦးအနက် ယာဉ်မောင်းနှင့်အမျိုးသမီး တစ်ဦးမှာ အခင်းဖြစ်ရာနေရာတွင်ပင်သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ပွန်းပဲ့ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါလူမှုကူညီရေးအသင်းကသိရသည်။
“ယာဉ်မောင်းနဲ့ ကားခေါင်းခန်းထဲ ထိုင်လာတဲ့အမျိုးသမီးကတော့ ပွဲချင်းပြီးဆုံးပါတယ်။ကျန်တဲ့ ကားပေါ်ပါလာတဲ့ ကလေး၁ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရခဲ့တယ်”ဟု လမိုင်းပရဟိတအဖွဲ့က သိရသည်။


သေဆုံးသွားသူ ၂ဦး၏ရုပ်အလောင်းကို လမိုင်းပရဟိတအဖွဲ့နှင့် ဆေးတောင်မြေလူမှုကယ်ဆယ်ရေးအသင်းတို့က လမိုင်းဆေးရုံရင်ခွဲရုံသို့ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။