ရေကြီးရေလျှံမှုဖြစ်နေသည့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ယနေ့တစ်ရက်ထဲ ကလေးငယ် ၃ ဦးရေနစ်သေဆုံးသွားကြောင်း ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
မော်လမြိုင်မြို့၊ သီရိမင်္ဂလာ(၁၇)လမ်း အောက်ပိုင်းတွင် ယနေ့ နံနက် ၁၀ နာရီခန့်က အသက် ၁ နှစ်ခွဲအရွယ်ရှိ မိန်းကလေးငယ်သည် အိမ်တွင် အဖွားနှင့်အတူရှိနေရင်းမှ ပျောက်ဆုံးသွားသည့်အတွက် ရှာဖွေရာမှ ခြံထဲတွင်ရေနစ်သေဆုံးလျှက် ပြန်လည်တွေ့ရှိခဲ့သည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားပြီးနောက် နေ့လယ် ၂ နာရီခန့်က သီရိမြိုင် (၈)လမ်း အောက်ပိုင်းရှိချောင်းအတွင်းရေဆင်းကူးသည့် အသက် ၁၃ နှစ်အရွယ် ကလေး(၂) ဦးရေနစ်မြုပ်ပြီး ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည့်အတွက် ရပ်ရွာနေသူများနှင့် လူမှုကယ်ဆယ်ရေးအသင်းများ သွားရောက်ရှာဖွေရာ ညနေ ၃ နာရီကျော်တွင် အသက်မဲ့လျက်ပြန်ရှာတွေ့ခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့တွင် ဇူလိုင်လ ၁၇ ရက်မှစတင်ပြီး ရွာမိုးသည်းထန်ရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေကြီးရေလျှံမှု ဖြစ်ပွားကာ ယာယီပြောင်း ရွှေ့နေထိုင်ရသူများလည်းရှိကြောင်း သိရသည်။

