ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့၌ ရေနစ်ပျောက်ဆုံးနေသောအလယ်တန်း ကျောင်းသားနှစ်ဦး၏ ရုပ်အလောင်းများကို ၂၀၂၃ ဇူလိုင်လ ၁၀ ရက်တွင် ရှာတွေ့ပြီဖြစ်ကြောင်း လေးဝတီကုလရက္ခိတ – ပရဟိတအသင်း က သိရသည်။
ကျောက်ဖြူမြို့၊ င/လပွေ့ရပ်ကွက်(ကွက်သစ်)နေ မောင်ညီကိုဝင်းနှင့် မောင်ဝေမင်းဦးတို့ နှစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်နေ့ ညနေပိုင်းကပင် င/လပွေ့ချောင်း၌ ရေနစ်ပျောက်ဆုံးနေခြင်း ဖြစ်ကြောင်း ၊ယင်းတို့နှစ်ဦးမှာ င/လပွေ့ရပ်ကွက် စာသင်ကျောင်းတွင် ပညာသင်ကြားနေကြပြီး မောင်ညီကိုဝင်းက (၇) တန်း ၊မောင်ဝေမင်းဦးက (၈) တန်း ကျောင်းသားများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျောင်းသားနှစ်ဦးသည် အခြား သူငယ်ချင်း ၂ ဦးနှင့်အတူ ချောင်းတစ်ဖက်ကမ်းရှိ တောင်ရှည်ကျေးရွာသို့ ငှက်ပစ်သွားရာမှ ရေကူးပြီးဖြတ်အလာတွင် နှစ်ဦး ရေနစ်ခဲ့ခြင်း ဖြစ်ကြောင်း၊ယင်းကြောင့် ရေနစ်နေသော နှစ်ဦးကို သူငယ်ချင်းနှစ်ဦးက ကယ်ဆယ်ခဲ့ကြသော်လည်း အားမမျှသောကြောင့် လက်လျှော့ခဲ့ရခြင်းဖြစ်ကြောင်း၊ ကူညီကယ်ဆယ်ခဲ့သည့် သူငယ်ချင်းတစ်ဦးမှာ သတိလစ်သွားသဖြင့် ကျောက်ဖြူပြည်သူ့ဆေးရုံးကြီးတွင် ဆေးကုသနေရကြောင်းလည်း သိရသည်။
၎င်းတို့ နှစ်ဦး၏ ရုပ်အလောင်းကို ကျောက်ဖြူမြို့မသုဿန်တွင် ယနေ့ ဇူလိုင်လ ၁၀ ရက် ညနေပိုင်းက သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

