ဝါရှင်တန်၊ ဇန်နဝါရီ ၅
ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားက ထောက်ပံ့ပေးထားတဲ့ ပဲ့ထိန်းဒုံးကျည်တွေနဲ့ အခြားဒုံးကျည် အတော်များများကို အသုံးပြုနေတယ်လို့ အမေရိကန်က ပြောဆို လိုက်ပါတယ်။
အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ကာရ်ဘီ က ဒါဟာ ရုရှားကို ပြုံယမ်းရဲ့ ထောက်ခံမှု သိသိသာသာ တိုးမြင့်လာတာလို့ ပြောပါတယ်။
အမေရိကန်အနေနဲ့ ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြပြီး လက်နက်လွှဲပြောင်းမှု လွယ်ကူ ချောမွေ့အောင် လုပ်ဆောင်နေသူတွေကို နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ်လို့လည်း သူက ပြောပါတယ်။
မော်စကို ကတော့ အဲဒိ ကိစ္စတွေ အားလုံးကို ငြင်းဆိုထားပါတယ်။
အိမ်ဖြူတော်က စွပ်စွဲပြောဆိုပြီး နာရီပိုင်းအကြာမှာတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက ဒုံးကျည် ပစ်လွှတ်တဲ့ ယာဉ်တွေ မြောက်ကိုရီးယားမှာ တိုးချဲ့ထုတ်လုပ်မယ်လို့ ပြောဆိုလိုက်ပါတယ်။
မြောက်ကိုးရီးယားခေါင်းဆောင်ဟာ ၂၀၂၂ စက်တင်ဘာလတုန်းက စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ ရုရှားကို သွားရောက်ခဲ့ပါတယ်။
အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတစ်ခုမှာလည်း မစ္စတာ ကာဘီက မြောက်ကိုရီးယားဆီက ပဲ့ထိန်းဒုံးကျည်တွေ ဝယ်ယူ တာက ရုရှားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အများအပြားကို တိုက်ရိုက်ချိုးဖောက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။
အလားတူ အီရန်ဆီကလည်း အနီးကပ်ပစ်ဒုံးကျည်တွေ ဝယ်ဖို့ ရုရှားက စီစဉ်နေတယ်လို့ သိရပေမယ့် အခုအချိန်အထိ အကောင်ထည် မဖော်ကြသေးဘူးလို့ အမေရိကန်က ပြောဆိုထားပါတယ်။
Ref: BBC
ပုံစာ။ ယူကရိန်းမြို့တော်က အဆောက်အဦတစ်ခု ရုရှားဒုံးကျည်ဒဏ် ခံထားရပုံ
Feature Image Credit: GETTY IMAGES



