ရန်ကုန်လေဆိပ်၏ လုံခြုံရေးအရာရှိချုပ်ဆိုသူ ဦးရဲခိုင်အား သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း၊ယင်းပစ်သတ်ခဲ့သောအဖွဲ့မှာအတိုင်ပင်ခံဥပဒေပညာရှင် ဦးမင်းတေဇညွန့်တင်အား ပစ်သတ်ခဲ့သည့် Urban Owls အဖွဲ့ဖြစ်ကြောင်း ယင်းတို့၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။
ပြင်ပမှ NPW 3R-7503 Toyota Rush အနက်ရောင်ယာဉ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်၊ ဇေကမ္ဘာဝင်း၊ ခရေရိပ်သာ လမ်းသွယ်(၁)၊ အမှတ်(၂၀) နေအိမ်သို့ ပြန်လာသော ဦးရဲခိုင်အား အိမ်ရှေ့ ခြံစည်းရိုးဝင်ထွက်တံခါးအနီးအရောက်တွင် ဆိုင်ကယ်စီးလာသည့် လူနှစ်ဦးက ယနေ့ ဇွန်လ ၁၉ ရက် ညနေ ၆ နာရီ ၁၅ မိနစ်ခန့်အချိန်၌ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။
ယင်းကြောင့် NPW 3R-7503 ယာဉ်၏ လက်ဝဲလက်ယာ ရှေ့လေကာမှန် (၂)ချပ် ကွဲအက်ပျက်စီးခဲ့ပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့် ဦးရဲခိုင်အား တပ်မတော်ဆေးရုံသို့ ပို့ဆောင်စဉ် ဆေးရုံသို့ အရောက်တွင် ရရှိဒဏ်ရာဖြင့် ကွယ်လွန်ခဲ့ကြောင်း ၊ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM ကျည်ခွံ (၉)ခုကို တွေ့ရှိခဲ့ရကြောင်းသိရသည်။
ဦးရဲခိုင်သည် ကွယ်လွန်စဉ်တွင် အသက် ၄၆ နှစ် အရွယ်ရှိ စစ်တက္ကသိုလ် အပတ်စဉ် ၄၂ ဆင်း လေတပ်အရာရှိ ဗိုလ်မှူး တစ်ဦးဖြစ်ကြောင်းလည်း သိရသည်။