ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)မှာ Onlineကနေ ပြည် ပနိုင်ငံသားများဆီက ငွေကြေးလိမ်လည်နေတဲ့ Supportfix Co.,Ltd ကုမ္ပဏီကို လုံခြုံရေးတပ်ဖွဲ့ အောက်တိုဘာလ ၂၆ရက် ဝင်ရောက် ဖမ်းဆီးနိုင်ခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။



ဖမ်းဆီးမှုဖြစ်စဥ်မှာ အောက်တိုဘာလ ၂၆ ရက်က ရန်ကုန် တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်း၊ ဦးချစ်မောင်အိမ်ရာ၊ တိုက်အမှတ်(S-19)တွင် ရုံးခန်းဖွင့်လှစ်ထားတဲ့ Supportfix Co.,Ltd ကို သတင်းအရ လုံခြုံရေးအဖွဲ့အစည်းများက ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ဇူကျန်း(ခ) လောက်ဖ၊ ၃၄ နှစ်၊ (ဘ) ဦးလောက်ရှီးအပါအဝင် တရားခံ ကျား ၆၆ ဦး၊ မ ၂၂ ဦး၊ စုစုပေါင်း ၈၈ ဦးတို့ကို ပြည်ပနိုင်ငံသားများရဲ့အချက် အလက်များစုဆောင်းပြီး ငွေကြေးလိမ်လည်နိုင်ရေး ဆောင်ရွက်ရာမှာ အသုံးပြုတဲ့ ကွန်ပျူ တာ၊ မိုဘိုင်းဖုန်း စတဲ့ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီးနောက် တရားခံ ဇူကျန်း(ခ)လောက်ဖရဲ့ ထွက်ဆိုချက်အရ အင်းစိန်မြို့နယ်၊ ကမ်းနားအလယ်ရပ်ကွက်၊ လှိုင်မြစ်လမ်းက Spring Line ကွန်ဒို၊ (၅)လွှာ၊ အခန်း (၅၀၁)ကို ဝင်ရောက်စီးနင်းရှာဖွေခဲ့ရာ ကျန်းယွိ၊ (၃၀) နှစ်၊ (ဘ) ဦးကျော်ရုံရွှန်းအပါအဝင်ကျား ၅ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၇ ဦးတို့ကို ဆက်စပ်ပစ္စည်း များနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။



ဖော်ထုတ်ရရှိချက်များအရ Supportfix Co.,Ltd အတွက် ဝန်ထမ်းများ ရှာဖွေပေးသူ ကမာရွတ်မြို့နယ်၊ နာနတ်တောလမ်း၊Dimond Condo(၇)လွှာနေZhan Tu Co.,Ltd ပိုင်ရှင် ရန်လုံရှင်းကို သွားရောက်ရှာဖွေခဲ့ရာ ထွက်ပြေးတိမ်းရှောင် သွားခဲ့တာကြောင့် ရုံးခန်းဖွင့်လှစ်ထားတဲ့ ကမာရွတ်မြို့နယ်၊ Time city office Tower(3)၊ (၁၅)လွှာ၊ အခန်းအမှတ်(၁၅၀၂)ကို ရှာဖွေချိပ်ပိတ် သိမ်းဆည်းခဲ့ပြီး စိစစ်ဖော်ထုတ်ချက်များအရ အဆိုပါအဖွဲ့များအနေနဲ့ ပြည်ပနိုင်ငံသားများထံကနေ ငွေကြေးများ လိမ်လည်ရယူနိုင်ရန်အတွက် ပစ်မှတ်များရှာဖွေ စုဆောင်းခြင်း၊ ရရှိတဲ့ ပစ်မှတ်များရဲ့ ကိုယ်ရေးအချက်အလက်များရယူရန်အတွက် ဝန်ထမ်းများကို အဖွဲ့တစ်ဖွဲ့လျှင် ၁၀ ဦးစီခန့်နဲ့ အဖွဲ့ငယ် ၈ ဖွဲ့ ဖွဲ့စည်းထားရှိပြီး WhatsApp လူမှုကွန်ရက်မှတစ်ဆင့် ပစ် မှတ်များထံဆက်သွယ်ပြီး အချက်အလက်များ ရယူလေ့ရှိပြီး ရရှိတဲ့အချက် အလက်များကို စုဆောင်းပြီး ငွေကြေး လိမ်လည်မယ့် အခြားအဖွဲ့များကို ပြန်လည်ရောင်းချခြင်းများပြုလုပ်နေတာကို စိစစ်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။




Online လူမှုကွန်ရက်မှတစ်ဆင့်ပြည်ပနိုင်ငံသားများထံက ငွေကြေး လိမ်လည်မှုပြုလုပ်နေသူ ဖမ်းဆီးရမိတရားခံ ၉၅ ဦးကို တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ သိရပါတယ်။