ရခိုင်ပြည်နယ်အတွင်းကို အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ”ဝင်ရောက်တိုက်ခတ်နိုင်တာကြောင့်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးက မီးသတ်တပ်ဖွဲ့တွေက အများပြည်သူဘေးအန္တရာယ်ကင်းရှင်းစေဖို့အတွက် မေလ၇ရက်နေ့မှစတင်ပြီး လက်ရှိအချိန်ထိ မုန်တိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။



စစ်တွေမြို့က ပွိုင့်ကမ်းခြေမှှာလည်း သဲသောင်ပြင်ပေါ် တစ်ခါမှ မဖြစ်ဖူးတဲ့ ချိုင့်ခွက်တွေ ဖြစ်ပေါ်နေတာကြောင့် စစ်တွေမြို့ခံတွေအနေနဲ စိုးရိမ်ကြောင့်ကြစိတ်တွေ ဖြစ်ပေါ်နေတယ်လို့လည်း သိရပါတယ်။



အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ”(MOCHA)ရဲ့လက်ရှိအခြေအနေဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းကို ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိတာကြောင့် လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟိုချက်လေဖိအား (၉၇၆)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် (၈၀)မှ မိုင်(၉၀)နှုန်းရှိပါတယ်။





ဆိုက်ကလုန်းမုန်တိုင်း “မိုခါ” (MOCHA)ဟာမြောက်-အရှေ့မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ပြီး၊ ပိုမိုအားကောင်းလာကာ မေလ၁၂ရက်နေ့ညပိုင်းမှာ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းမှာ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Extremely Severe Cyclonic Storm) “မိုခါ” (MOCHA)အဖြစ်ကို ရောက်ရှိနိုင်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နှင့် မြန်မာနိုင်ငံ၊ ကျောက်ဖြူမြို့တို့ကြား စစ်တွေမြို့ အနီးမှ (၁၄.၅.၂၀၂၃)ရက်နေ့ နေ့လယ်ပိုင်းတွင် အားအလွန် ကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Very Severe Cyclonic Storm) “မိုခါ”(MOCHA) အနေနဲ့ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားာတယ်။