ယူဂန်ဒါနိုင်ငံအနောက်ပိုင်းရှိ စာသင်ကျောင်းတစ်ကျောင်းကို အေဒီအက်ဖ်သူပုန်များက တိုက်ခိုက် ၄၁ယောက်သေဆုံး

ယူဂန်ဒါနိုင်ငံအနောက်ပိုင်း ကွန်ဂို နယ်စပ်အနီးမှာရှိတဲ့ ကာဆေဆေမြို့မှာ ဇွန် ၁၇ရက်က စာသင်ကျောင်းတိုက်ခိုက်ခံရမှုဖြစ်ပွါးခဲ့ပါတယ်။

ကာဆေဆေမြို့က လဟူဘီရီရာလို့အမည်ရတဲ့ အလယ်တန်းကျောင်းလေးမှာ အသက်၁၃နှစ်နဲ့၁၈နှစ်ကြားကျောင်းသားတွေ ပညာသင်ယူနေကြတာဖြစ်တယ်။ အဲဒီကျောင်းထဲကို အိုင်အက်စ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ အေဒီအက်ဖ်သူပုန်တပ်ဖွဲ့ဝင် ၂၀ ယောက်က လက်နက်ငယ်တွေကိုင်ဆောင်ပြီး ဇွန် ၁၆ရက် ညပိုင်းမှာ ရုတ်တရက်ဝင်တိုက်ခိုက်ကြတာလို့ဆိုတယ်။

အဆောင်နေကျောင်းသား၃၉ဦးနဲ့ အရပ်သား၂ဦး သေဆုံးခဲ့တာဖြစ်တယ်လို့ ယူဂန်ဒါစစ်တပ်က သတင်းထုတ်ပြန်တယ်။ သူပုန်တပ်ဖွဲ့ဝင်တွေဟာ ကျောင်းဆောင်တွေကို မီးရှို့ခဲ့ကြလို့ ဇွန် ၁၇ရက် နံနက်ရောက်မှ မီးငြိမ်းသွားခဲ့တယ်။

အခင်းဖြစ်ချိန်မှာ ကျောင်းသား ၆၂ဦးရှိနေခဲ့တဲ့အနက်၄၁ဦးသေဆုံးတဲ့စာရင်းပေါ်ထွက်ခဲ့ပေမယ့် အပျက်အစီးတွေရှင်းလင်းပြီးတဲ့နောက် သေဆုံးသူဦးရေထပ်တိုးလာဦးမယ်လို့ တာဝန်ရှိသူတွေက သုံးသပ်တယ်။

ကုလသမ္မဂက အေဒီအက်ဖ်သူပုန်တွေရဲ့ စာသင်ကျောင်းတိုက်ခိုက်မှုကို ကန့်ကွက်ရှုတ်ချလိုက်တယ်။

Ref:CNN

Leave a Reply

Your email address will not be published. Required fields are marked *