ယူကရိန်း အတွက် မြေပြင် တိုက်ခိုက်ရေးယာဥ်တွေ စေလွှတ်ပေးဖို့ ဂျာမနီနဲ့ အမေရိကန် သဘောတူညီမှုရ

အမေရိကန်လုပ် ဘရက်ဒလေ သံချပ်ကာယာဥ်များ
Photo Credit: Jovi Prevot/U.S. Army

ဝါရှင်တန်၊ ဇန်နဝါရီ ၆

အမေရိကန်နဲ့ ဂျာမနီခေါင်းဆောင်တွေဟာ   ရုရှားတပ်ဖွဲ့တွေကို  ချေမှုန်းဖို့  ကိယက်ဗ်အတွက် စစ်ရေးပံ့ပိုးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ယူကရိန်းကို  သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ စေလွှတ်ပေးဖို့ သဘောတူညီမှု ရခဲ့ပြီ ဖြစ်တဲ့အကြောင်း ၂၀၂၃  ဇန်နဝါရီ ၅ ရက်က  ကြေညာခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်နဲ့  ဂျာမနီ အဓိပတိ အိုလက်ဖ် ရှိုး တို့ရဲ့ ပူးတွဲကြေငြာချက်မှာ ဂျာမနီ အနေနဲ့ မားဒါး ခြေလျင်တိုက်ခိုက်ရေးယာဉ်တွေကို ပို့ပေးမှာဖြစ်ပြီး အမေရိကန်အနေနဲ့ကတော့ဘရက်ဒလေ ခြေလျင် တိုက်ခိုက်ရေးယာဉ်တွေကို  ပံ့ပိုပေးမှာဖြစ်တယ်လို့ သိရပါတယ်။

သောကြာနေ့မှာ ကြေညာမယ့် အမေရိကန်ဘက်က  ပို့ဆောင်ပေးမယ့် စစ်လက်နက် ပစ္စည်းစာရင်းမှာ Bradley တိုက်ခိုက်ရေးယာဉ် အစီးရေ ၅၀ ထက်မနည်း ပါလာဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်ဘက်ကတာဝန်ရှိသူ တွေက ရိုက်တာသတင်း ဌာနကို ပြောပါတယ်။

“အခုအချိန်မှာ ယူကရိန်းစစ်ပွဲက အရေးကြီးတဲ့ အနေအထားကို ရောက်နေပါပြီ” လို့ ဘိုင်ဒန်က သတင်းထောက် တွေကို ပြောကြားခဲ့ပါတယ်။။ “ရုရှားရဲ့ ရန်လိုမှုကို တွန်းလှန်ဖို့ ယူကရိန်းနိုင်ငံသားတွေကို ကူညီဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ရမှာပေါ့။” လို့လည်း ဆိုပါတယ်။

 ပံ့ပိုးလိုက်တဲ့ ယာဥ်တွေနဲ့ပတ်သက်ပြီး ယူကရိန်းစစ်သားတွေကို အသုံးပြုနည်းတွေ လေ့ကျင့်ပေးဖို့ နှစ်နိုင်ငံ စလုံး က သဘောတူညီခဲ့ကြပါတယ်။ ဂျာမနီ ဘက်ကလည်း  ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ရုရှားတပ်တွေ ကျူးကျော်လာ ချိန်ကစပြီး ပက်ထရီယော့ လေကြောင်းရန်ကာကွယ်ရေးကိရိယာတွေ ပံ့ပို့ပေးခဲ့ပါသေးတယ်။။

“သမ္မတဘိုင်ဒင်နဲ့ အဓိပတိရှိုးတို့ က ယူကရိန်းအတွက် လိုအပ်တဲ့ ငွေကြေး၊ လူသားချင်းစာနာမှု၊ စစ်ရေးနဲ့ သံတမန်ရေးရာ အထောက်အပံ့တွေကို လိုအပ်သမျှကာလပတ်လုံး ဆက်လက်ပံ့ပိုးပေးဖို့ သူတို့ရဲ့ ဘုံသန္နိဋ္ဌာန်ကို ဖော်ပြခဲ့ပါတယ်” လို့ နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်ချက်မှာ ဖော်ပြထားတယ်လို့ သိရပါတယ်။

ဂျာမနီရဲ့ အထင်ကရ မားဒါး သံချပ်ကာကားတစ်စီး
Photo Credit : wikipedia

ယူကရိန်းသမ္မတ ဇလန်းစကီးကလည်း  “ဂျာမဏီဟာ ရုရှားဒုံးကျည်တွေကို ကြားဖြတ်ဖျက်ဆီးပစ်ဖို့ အတွက် အရေးကြီးတဲ့ ပံ့ပိုးကူညီမှုတစ်ခု လုပ်နေပါတယ်” ဆိုပြီး  ဂျာမနီရဲ့ ပံ့ပိုးကူညီမှုအတွက် ကျေးဇူးတင်ကြောင်း တွစ်တာ ပေါ်ကနေ ပြောခဲ့တယ်လို့ သိရပါတယ်။

ပြင်သစ်က အပေါ့စား AMX-10 RC သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ စေလွှတ်လိုက်ကြောင်း ကြေညာပြီး တဲ့နောက် ရှိုးရဲ့ အစိုးရ ကလည်း ယူကရိန်းအတွက် စစ်ရေးအရ ပံ့ပိုးကူညီမှု တိုးမြှင့်ဖို့ သူ့ရဲ့ သုံးလမ်းသွား ညွန့်ပေါင်း အတွင်းကနေ ဆော်သြမှု၊တိုက်တွန်းမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးတဲ့နောက် အဲ့ဒီလို့ ဆုံးဖြတ်ချက်ကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

ရှိုးဟာ  ရုရှားတို့ ကျူးကျော်ဝင်ရောက်ချိန်ကစပြီး ယူကရိန်းကို ကာကွယ်ရေးအသုံးစရိတ်တွေတိုးမြှင့်ကာ အကူ အညီ နဲ့ လက်နက်တွေ ပေးပို့ခဲ့ပေမယ့်လည်း ရုရှားနဲ့ တိုက်ရိုက်ပဋိပက္ခဖြစ်မှာကို စိုးရိမ်တာမို့ အခြား အနောက် နိုင်ငံတွေလို အင်အားကြီးလက်နက်တွေ ထောက်ပံ့ဖို့ တွန့်ဆုတ်နေခဲ့တာလည်း ဖြစ်ပါတယ်။

ယူကရိန်းကို လက်နက်ကြီးတွေ ပို့ပေးတဲ့နေရာမှာ  တစ်ယောက်တည်း မလုပ်လိုဘဲ နေတိုးနဲ့ မဟာမိတ်အဖွဲ့က အခြားအဖွဲ့ဝင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်ဆိုတာကိုလည်း  ဂျာမနီဘက်က ရှင်းရှင်းလင်းလင်း ပြောထား ပြီး လည်းဖြစ်ပါတယ်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလီနာ ဘယ်ရာဘက် က လန်ဒန်မြို့ကို အလည်အပတ်သွားရောက်ချိန်မှာ ယူကရိန်း ဟာ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့သာမကဘဲ  ရုရှားလက်အောက်က နယ်မြေတွေကို လွတ်မြောက်ဖို့ အတွက်ပါ  လက်နက်တွေ ပေးအပ်ရမယ်လို့  သူ့သဘောထားကို ထုတ်ပြောခဲ့ပြီးလည်းဖြစ်ပါတယ်။ ဗြိတိန် ဘက်က ပြောရေးဆိုခွင့်ရှိတဲ့ ဂျိမ်း ကလယ်ဗာလီကလည်း  “ကျွန်တော်တို့ရဲ့ ထောက်ခံမှုကို သံသယဝင်ဖို့ ဘယ်အခန်းကိုမှ ချန်ထားလို့ မရပါဘူး၊ အထူးသဖြင့် စစ်ရေးအရ ထောက်ပံ့မှုမှာ နောက်ထပ် ဘာတွေ ထပ်လုပ် နိုင်မလဲဆိုတာ အမြဲကြည့်ရမှာပဲ” လို့ ဘယ်ရာဘတ်နဲ့ အတူ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တယ်လို့ သိရ ကြောင်း ပါ။

Ref: cna ( Reuters)

Leave a Reply

Your email address will not be published. Required fields are marked *