ပြီးခဲ့တဲ့ ဇူလိုင်၁၂ရက်မှာ စီအင်န်အင်န်သတင်းဌာနက ထုတ်လွှင့်တဲ့ ယနေ့ညအတွက် လော်ရာကုတ်စ်ရဲ့အစီအစဉ်မှာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဘိုးရစ်ဂျွန်ဆင်ကို လော်ရာကုတ်စ်က တွေ့ဆုံမေးမြန်းတယ်။
အမေရိကန်ဦးဆောင်ပြီး ယူကရိန်းအတွက် လိုအပ်တဲ့စစ်လက်နက်တွေထောက်ပံ့လာခဲ့ကြတာဆိုတော့ ငွေကုန်ကြေးကျများတဲ့ဖက်ကတွက်မယ်ဆိုရင် အဓိကအားဖြင့် အမေရိကန်အနေနဲ့ ငွေအတော်ပမ်းနေပြီ။ ဒါပေမယ့် ယူကရိန်းဖက်ကနိုင်ရမှာဖြစ်တဲ့အတွက် အထောက်အပံ့တွေရပ်တန့်မပစ်ဘဲ ဆက်လက်ထောက်ပံ့ဖို့ ဘိုးရစ်ဂျွန်ဆင်က အမေရိကန်ကို အဲဒီတွေဆုံမေးမြန်းခန်းကတစ်ဆင့် သတိပေးလိုက်တယ်။
ယူကရိန်းကို နေတိုးစစ်အုပ်စုဝင်နိုင်ငံအဖြစ် အဆောတလျင်ဝင်ခွင့်ပြုဖို့ အရမ်းအရေးကြီး တယ် ။ ဆိုင်းငံ့ထားဖို့ အကြောင်းပြချက်ပေးတာ မဖြစ်သင့်ဘူးလို့လည်း သူကပြောတယ်။ နေတိုးစစ်အုပ်စုထဲမှာ အဖွဲ့ဝင်နိုင်ငံအဖြစ် ယူကရိန်းမရှိခဲ့တဲ့အတွက် ဥရောပမှာ နှစ်ပေါင်း(၈၀)အတွင်း အဆိုးဆုံးစစ်ပွဲဖြစ်ပွါးနေရတာလို့ သူကမှတ်ချက်ချတယ်။
အမေရိကန်နဲ့မဟာမိတ်တွေက ယူကရိန်းကို ဆက်လက်ထောက်ပံ့ကူညီပေးနေဦးမယ်လို့ နေတိုးထိပ်သီးညီလာခံမှာ အတည်ပြုခဲ့တယ်။
ဒါပေမယ့် နေတိုးစစ်အုပ်စုထဲမှာ ပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ပြီးမှ ယူကရိန်းကို နေတိုးစစ်အုပ်စုအဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ခွင့်ပြုမယ်လို့ ဆုံးဖြတ်လိုက်ကြတာဆိုတော့ ဘိုးရစ်ဂျွန်ဆင် ဖြစ်စေချင်သလိုမဖြစ်ဘဲ လွဲချော်ခဲ့တယ်။
Ref: CNN