၂၆ စက်တင်ဘာ၊၂၀၂၃
မှတ်ပုံတင်ထားခြင်းမရှိသည့် SiM Card များကို ရောင်းချပါကဆက်သွယ်ရေးဥပဒေပုဒ်မ ၇၂ အရ အရေးယူမည်ဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာအမှတ်(၁၈ /၂၀၂၃) ဖြင့် ယနေ့ စက်တင်ဘာလ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။
ယင်းတွင် မိုဘိုင်း SIM Card များအား ညွှန်ကြားချက်နှင့်အညီ မှတ်ပုံတင်ခြင်း မပြုဘဲ SIM Card အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ Points of Sales (POS)များ၊ မိုဘိုင်း Hand Set အရောင်းဆိုင်များအပြင် ဈေးများနှင့်လမ်းဘေးဆိုင်များတွင် လည်းကောင်း၊ Online တွင်လည်းကောင်း ဆက်လက်၍ ရောင်းချလျှက်ရှိသည်ကို စစ်ဆေးတွေ့ ရှိရပါသည်။ ထိုသို့ SIM Card များအား စနစ်တကျမှတ်ပုံတင်ခြင်းမပြုဘဲ ဝယ်ယူသုံးစွဲနိုင်ခြင်း ကြောင့် ဝယ်ယူအသုံးပြုမည့် အများပြည်သူများအနေဖြင့် အဆိုပါ SIM Card နှင့် ချိတ်ဆက် အသုံးပြုလျှက်ရှိသည့် ငွေကြေး ဝန်ဆောင်မှုများသာမက အခြားသော Online ဝန်ဆောင်မှု များနှင့်စပ်လျဉ်း၍ လိမ်လည်မှုခံရနိုင်သည့်အပြင် ရာဇဝတ်မှုများကို နှိမ်နင်းနိုင်ရန်အတွက် ဥပဒေ နှင့်အညီ စုံစမ်းမှုများပြုလုပ်ရာတွင်လည်း အခက်အခဲများရှိလာကြောင်းလည်း ဖော်ပြထားသည်။
ထို့အပြင် မှတ်ပုံတင် ထားခြင်းမရှိသည့် SIM Card များကို အသုံးပြုပြီး ဆက်သွယ်ရေးကွန်ရက်ပေါ်မှ ရာဇဝတ်မှုများ ၊အကြမ်းဖက်လုပ်ဆောင်မှုများနှင့် ခြိမ်းခြောက်အန္တရာယ်ပြုမှုများ ပိုမိုပြုလုပ်လာကြသည့်အတွက် ယင်းကိုထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာများ၏ အရောင်းဆိုင်များ၊ မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာများနှင့် တရားဝင်စာချုပ်ချုပ်ဆိုထားသည့် အရောင်းကိုယ်စားလှယ်များ နှင့်အရောင်းဆိုင်(Points Of Sales)များသည် Customer Registration ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်
ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။
မည်သူမဆို မှတ်ပုံတင်ထားခြင်းမရှိသည့် သို့မဟုတ် လိမ်လည်၍ မှတ်ပုံတင် ထားသည့် သို့မဟုတ် Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသည့် SiM Card များကို ရောင်းချခြင်းမပြုရဟု ဖော်ပြထားသည်။
ယင်းအပြင် Customer Registration ညွှန်ကြားချက်များနှင့်အညီ မှတ်ပုံတင်ထားသည့် SIM Card ကို တစ်ဆင့်လွှဲပြောင်းရာတွင် ရယူအသုံးပြုသူ၏ အချက်အလက်အမှန်ဖြင့် Customer Registration ညွှန်ကြားချက်များနှင့်အညီ ပြန်လည်မှတ်ပုံတင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်ကဆိုသည်။