မြောက်ဥက္ကလာပမြို့နယ်၊ (ဈ)ရပ်ကွက်၊ မေဒါဝီလမ်း၊ (ဈ)ဈေးရှေ့ရှိ မြတ်မောင် စိန်ထည်နှင့် ရွှေထည်ပစ္စည်းအရောင်းဆိုင်တွင် ပိုင်ရှင် ဦးအောင်ထူး ပါ အရောင်းဝန်ထမ်း (၁၁)ဦး၊ လုံခြုံရေးဝန်ထမ်း ကိုအောင်အောင် ပါ (၅)ဦးတို့ ရှိနေစဉ် လူ ၃ ဦးဆိုင်အတွင်း ဝင်ရောက်လာကာ သေနတ် အတို(စိစစ်ဆဲ)ဖြင့် မိုးပေါ်ထောင်ဖောက်၍ ဆိုင်ဝန်ထမ်း လုံခြုံရေး ကိုအောင်အောင် (အချက်အလက်စိစစ်ဆဲ)နှင့် ကိုလှမိုး (အချက်အလက်စိစစ်ဆဲ)တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့မှု ယနေ့ ဇွန်လ ၁၈ ရက် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေနတ်သမားများက အသင့်ယူလာသည့် တူဖြင့် ဆိုင်၏ မှန်ကောင်တာများကို ရိုက်ခွဲ၍ ကောင်တာအတွင်းရှိ စိန်ထည်ပစ္စည်းများ(စိစစ်ဆဲ)နှင့် ရွှေထည် ပစ္စည်းမျိုးစုံ(စိစစ်ဆဲ)တို့ကို ယူဆောင်၍ ပြန်လည်ထွက်ခွာသွားခဲ့ကြကြောင်း၊သေနတ်ဖြင့် ပစ်ခတ်ခံရမှုကြောင့် ကိုအောင်အောင် ၌ ဝဲလက်ခုံထိမှန်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ကိုလှမိုး ၌ ယာခြေထောက်ထိမှန်ဒဏ်ရာ (မစိုးရိမ်ရ၊စိစစ်ဆဲ) တို့ ထိမှန်ခဲ့ကြောင်း ၊ ယခုအခါ အဆိုပါ ဒဏ်ရာရရှိသူ (၂)ဦးအား မြောက်ဥက္ကလာပပြည်သူ့ဆေးရုံသို့ ကနဦး ပို့ဆောင်ကုသပေးလျက်ရှိကြောင်း သိရသည်။
ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာမှ 9 MM LUGER ကျည်ခွံ (၁၁) ခု တွေ့ရှိခဲ့ရကြောင်းလည်း သိရသည်။