ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဥဇ္ဇာနာ(၁၁)လမ်းက နေအိမ်တစ်အိမ်မှာ စက်တင်ဘလ၁၈ရက် ညနေ၄နာရီက မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသမီး၂ဦးကို သက်သေခံမူးယစ်ဆေးဝါးတွေနဲ့အတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်မှာ စက်တင်ဘလ၁၈ရက် ညနေ၄နာရီ က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ ဟာ သတင်းအရ သက်သေများနှင့်အတူမြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ ဥဇ္ဇာနာ(၁၁)လမ်းနေ မသက်မြတ်နိုးဦး(ခ)မင်းမြတ် နှင့် မအေးသန္တာမိုး(ခ)အေးမြတ်မိုးတို့ငှားရမ်းနေထိုင်တဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေရာ နေအိမ်အတွင်းကနေ စိတ်ပြောင်းဆေးဝါး(ကက်တမင်း)အလေးချိန် ၃၀ ဂရမ်(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၂၄ သိန်း)၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၇၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၇ သိန်း)နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာလို့ သိရပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းမိခဲ့တဲ့ မသက်မြတ်နိုးဦး(ခ)မင်းမြတ်(၂၃)နှစ်နှင့်မအေးသန္တာမိုး(ခ)အေးမြတ်မိုး(၁၉)နှစ်တို့ကို မြောက်ဥက္ကလာပမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဖော်ထုတ်နေတယ်လို့လည်း သိရပါတယ်။
photo– CCDAC Myanmar