၁၂ ဇန်နဝါရီ၊၂၀၂၄
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ယမန်နေ့ ဇန်နဝါရီ ၁၁ရက်နေ့အထိ တရုတ်ရဲ့ကြားဝင်မှုနဲ့ ယူနန်ပြည်နယ်ကူမင်းမြို့မှာ မြောက်ပိုင်းညီနောင်သုံးဖွဲ့ နဲ့ တပ်မတော်တို့ ၃ရက်ကြာဆွေးနွေးပွဲကနေ ယာယီအပစ်ရပ်ဖို့ သဘောတူလိုက်တယ်လို့ သိရပါတယ်။
၁၀၂၇စစ်ဆင်ရေးစတင်ပြီး ၁လကျော်အကြာမှာပဲ တရုတ်ရဲ့ကြားဝင်မှုနဲ့ ဒီဇင်ဘာလအတွင်း ၂ကြိမ်တွေ့ဆုံဆွေးနွေးမှုတွေမှာ ဘာရလဒ်မထွက်ခဲ့ပေမယ့် အခုတစ်ခေါက်ကတော့ ယာယီအပစ်ရပ်ဖို့ဆိုတဲ့ ရလဒ်ထွက်လာခဲ့တာပါ။
အခုတတိယအကြိမ်ဆွေးနွေးပွဲမှာ အရင်အခေါက်တွေကလိုပဲ တပ်မတော်ဘက်က ငြိမ်းချမ်းရေးအဖွဲ့ အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ယာယီအပစ်ရပ်ရေးဟာ ရှမ်းမြောက်ပဲ အကျုံးဝင်တယ်လို့ ကနဦးသိရပြီး စစ်ပွဲဖြစ်နေတဲ့ ရခိုင်ပြည်နယ်ဘက် မပါဘူးလို့လည်း ဆိုကြပါတယ်။
၁၀၂၇ စစ်ဆင်ရေးအတွင်းမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက. ရှမ်းမြောက်ပိုင်းက လောက်ကိုင်၊ကုန်းကြမ်း၊ချင်းရွှေဟော်၊ကွမ်းလုံ၊သိန္နီ၊ဖောင်းဆိုင်၊ပန်ဆိုင်း(ကြူကုတ်)၊မုံးကိုး၊နမ့်ခမ်း၊မန်တုံ၊နမ္မတူ၊နမ့်ဆန်၊မိုင်းငေါ့၊မိုင်းလုံ၊ကွက်ခိုင်မြို့တွေကို သိမ်းပိုက်ထားပါတယ်။ဇန်နဝါရီ ၅ရက်နေ့က သိမ်းထားတဲ့ ဟိုပန်မြို့ကိုတော့ မြောက်ပိုင်းအဖွဲ့က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဖွဲ့ဆီ ဇန်နဝါရီ ၁၀ရက်နေ့က လွဲပြောင်းပေးတာတွေ လုပ်ခဲ့တာတွေ့ရပါတယ်။
ယမန်နေ့က အထိတော့ လားရှိုးအပါအဝင် ရှမ်းမြောက်ဒေသက ပြည်သူတွေကတော့ စစ်ဖြစ်လာမှာစိုးလို့ ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။



