
Photo Credit: SeongJoon Cho/Bloomberg/Getty Images
ဆိုးလ်၊ အောက်တိုဘာ ၂၇
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ အောက်တိုဘာ ၂၆ ရက်က ဆိုးလ်မြို့တော်မှာ မြောက်ကိုရီးယားကဘက်ပြောင်းလာသူရဲ့ ရုပ်ကြွင်းတစ်စုံ တွေ့ရပြီးတဲ့နောက် တောင်ကိုရီးယားအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေစပြီးလုပ် နေ တယ်လို့ သိရပါတယ်။
ထွက်ပြေးလာသူဟာ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးလို့ သိရပြီး ၂၀၀၂ ခုနှစ်မှာ တောင်ကိုရီးယားကို ထွက်ပြေးလွတ်မြောက်လာတဲ့သူ ဖြစ်တဲ့အကြောင်း ရဲတပ်ဖွဲ့နဲ့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက သတင်းတွေအရ သိရပါတယ်။
အိမ်ခန်းငှားရမ်းခတွေ မရဘဲ အဆက်အသွယ်ပြတ်နေလို့ အများသူငှာ အိမ်ရာကုမ္ပဏီတစ်ခုဖြစ်တဲ့ Seoul Housing & Communities Corporation က သေဆုံးသူရဲ့ တိုက်ခန်းကို ဝန်ထမ်းတချို့ စေလွတ်စုံစမ်းခိုင်းခဲ့ရာက အမျိုးသမီးရဲ့ ရုပ်ကြွင်းကို တွေ့ခဲ့ရတာလို့ သိရပါတယ်။
သေဆုံးသူရဲ့ ခန္ဓာကိုယ်တစ်ခုလုံး ပျက်စီးနေပြီး အရိုးစုနီးပါး အခြေအနေကို ရောက်နေတဲ့ အကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။ သူဝတ်ထားတဲ့ ဆောင်းရာသီအဝတ်အစားအပေါ် အခြေခံပြီးရဲတွေက သူသေဆုံးခဲ့တာ တစ်နှစ်လောက်ရှိနေပြီလို့ ခန့်မှန်းပေမယ့် အသေးစိတ်အချက်အလက်တွေ သိရဖို့ ခွဲစိပ်စစ်ဆေးပြီးမှသာ ပိုတိကျတဲ့ အဖြေရမယ်လို့ ပြောပါတယ်။
၂၀၁၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း သေဆုံးသူအမျိုးသမီးဟာ တောင်ပိုင်းကို လာရောက် ပြန်လည်အခြေချ နေထိုင်လာသူတွေအတွက် ဝန်ကြီးဌာနကဖွဲ့စည်းပေးထားတဲ့ Korea Hana ဖောင်ဒေးရှင်းမှာ အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ် အလုပ်ကိုင်ခဲ့သေးတဲ့အကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယားအာဏာပိုင်တွေဟာ မြောက်ကိုရီးယားကဘက်ပြောင်းလာသူတွေကို ပုံမှန်စောင့်ကြည့်နေပြီး သူတို့ရဲ့ ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွေထဲကနေ လူမှုဖူလုံရေးစစ်ဆေးမှုတွေ လုပ်ဆောင်ပေး နေ ပေမယ့် ၂၀၁၉ခုနှစ်မှာတော့ သေဆုံးသူအမျိုးသမီးက သူရနေတဲ့ အကာအကွယ်ဝန်ဆောင်မှုတွေကို သက်တမ်း တိုးပေးဖို့ရာ ရဲတပ်ဖွဲ့ကို တောင်းဆိုခဲ့ဘူးကြောင်း ဆိုးလ်ရဲတပ်ဖွဲ့က ပြောကြားပါတယ်။
ပေါင်းစည်းရေး ဝန်ကြီးဌာနကတော့ အဆိုပါ အမျိုးသမီးဟာ ဌာနရဲ့ကိုယ်ပိုင် စောင့်ကြည့်စာရင်းမှာ မပါဝင်တဲ့ အကြောင်းကို ပြောဆိုပါတယ်။
ဒီကိစ္စကို စုံစမ်းစစ်ဆေးပေးဖို့ အမျိုးသားမှုခင်းဌာနကို တောင်းဆိုထားကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဒီကိစ္စက အရမ်းဝမ်းနည်းဖို့ကောင်းကြောင်း၊ ဝန်ကြီးဌာနဟာ မြောက်ကိုရီးယားဘက်ပြောင်းလာသူတွေအတွက် စီမံခန့်ခွဲမှုစနစ်ကို ပြန်လည်စစ်ဆေးပြီး တိုးတက်မှုလိုအပ်တဲ့ နေရာတွေ ထပ်ဆောင်း လုပ်သွားမယ်လို့ ပြောပါတယ်။
ပေါင်းစည်းရေး ဝန်ကြီးဌာနရဲ့ အဆိုအရ ၁၉၉၈ ခုနှစ်ကစပြီးမြောက်ကိုရီးယားကနေ တောင်ကိုးရီးယားကို ထွက်ပြေးလာသူ ၃၃၀၀၀ ကျော်ရှိပြီး နှစ်စဉ် အရေအတွက်က ၂၀၀၉ ခုနှစ်မှာ ဆိုရင် ၂၉၁၄ ဦးအထိ မြင့်တက် ခဲ့တယ်လို့ ဆိုပါတယ်။အဲ့ဒိ ကိန်းဂဏန်းတွေဟာ ကိုဗစ်ကပ်ရောဂါစတင်ကတည်းက သိသိသာသာ ကျဆင်းသွားခဲ့ပြီး အခု နှစ်၂၀၂၂အထိ ထွက်ပြေးလာသူ ၄၂ ဦးပဲ ရှိတယ်လို့ သိရပါတယ်။
နယ်စပ်ဖြတ်ကျော် ခရီးစဉ်ဟာ တရုတ်နိုင်ငံရဲ့ လိင်ကုန်သွယ်မှုမှာ လူကုန်ကူးခံရတာ ဒါမှမဟုတ် ဖမ်းဆီးခံရပြီး မြောက်ကိုရီးယားကို ပြန်ပို့ခံရတဲ့အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရပြီး ထွက်ပြေးသွားသူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး ထောင်ချတာတွေ ရှိသလို အကြောင်းအမျိုးမျိုးနဲ့ သေဆုံးသွားရတာတွေလည်း ရှိနေဆဲ လို့ သိရပါတယ်။
Ref: CNN