၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲ အုပ်စု (ဂ) နောက်ဆုံးပွဲစဉ်တွင် မြန်မာ့လက်ရွေးစင် အမျိုးသမီး ယူ-၁၉ အသင်းအနေဖြင့် ထိုင်းအမျိုးသမီး ယူ-၁၉ အသင်းကို (၁-ဝ) ဂိုးဖြင့် အရေးနိမ့်ခဲ့သော်လည်း အကောင်းဆုံး အုပ်စုဒုတိယနေရာဖြင့် အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သိရသည်။
မြန်မာအသင်းနှင့် ထိုင်းအသင်းတို့သည် အုပ်စု (ဂ) တွင် သုံးမှတ်ကိုယ်စီရထားကြသော်လည်း ဒုတိယပိုင်း ပြီးဆုံးကာနီး ထပ်ဆောင်းအချိန်ပိုတွင် ထိုင်းအသင်း၏ အဝေးကန်ချက်ကို ဂိုးအဖြစ် ခွင့်ပြုခဲ့ရသောကြောင့် မြန်မာအသင်းအနေဖြင့် (၁-ဝ)ဂိုးဖြင့် အရေးနိမ့်ခဲ့ရခြင်းလည်း ဖြစ်ကြောင်းသိရသည်။
၂၀၂၃ အာဆီယံ အမျိုးသမီး ယူ-၁၉ ပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံ ပလမ်ဘန်းမြို့တွင် ဇူလိုင်လ ၅ ရက်မှ ၁၇ ရက်ထိ ကျင်းပပြုလုပ်နေခြင်းလည်း ဖြစ်သည်။
ယင်းတွင် ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင်လ ၁၃ ရက်၊ တတိယလုပွဲနှင့် ဗိုလ်လုပွဲကို ဇူလိုင်လ ၁၅ ရက်တွင် ကျင်းပမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်အဆင့်တွင် Tournament regulations ပြောင်းလဲမှုအရ အုပ်စု (က) ပထမနှင့် အုပ်စု (ဂ) ပထမ၊ အုပ်စု (ခ) ပထမနှင့် အကောင်းဆုံး အုပ်စုဒုတိယ အသင်းတို့ တွေ့ဆုံကြရမည်ဖြစ်သောကြောင့် အင်ဒိုနီးရှားနှင့် ထိုင်း၊ ဗီယက်နမ်နှင့် မြန်မာတို့ ကစားကြရမည် ဖြစ်ကြောင်း၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်းတို့ ပထမပွဲစဉ်အဖြစ် ဇူလိုင်လ ၁၃ ရက်မြန်မာစံတော်ချိန် ညနေ ၃ နာရီတွင် ကစားကြရမည် ဖြစ်ကြောင်း သိရသည်။





