မြန်မာ့အရေး ကမ္ဘာ့စင်မြင့်ထက်ရောက်လာပြန်

၆ ဖေဖော်ဝါရီ၊၂၀၂၄

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ တပ်မတော်ရဲ့ လုပ်ရပ်ကို လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ဗြိတိန်နိုင်ငံနဲ့ လက်ရှိ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဋ္ဌ Guyana နိုင်ငံတို့ ကမကထ ပြုလုပ်တဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးက အပြင်းအထန် ကန့်ကွက်လိုက်ကြတယ်လို့ နိုင်ငံတကာမီဒီယာတွေကဖော်ပြကြပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သတ်ပြီးဖေဖေါ်ဝါရီ ၅ ရက် တင်္နလာနေ့က ကုလသမဂ္ဂမှာ အစည်းအဝေးပြုလုပ်တာမှာ ဗြိတိန်အပါအဝင် အီကွေဒေါ၊ ပြင်သစ်၊ ဂျပန်၊ မော်လတာ၊ တောင်ကိုရီးယား၊ ဆလိုဗေးနီးယား၊ ဆွစ်ဇာလန်၊ အမေရိကန် စတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံရဲ့ ပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်အပြင် လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေးဆုံးဖြတ်ချက် ၂၆၆၉ မှာပါတဲ့ အချက်တွေကို လိုက်နာဖို့၊ဖမ်းဆီးထားတဲ့ သမ္မတဟောင်း ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟောင်းဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထားတဲ့ အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့၊အာဆီယံနဲ့ ကုလသမဂ္ဂကြား ပူးပေါင်းဆောင်ရွက်ဖို့ အထူးသံတမန်တွေ ခန့်အပ်ရေးကိစ္စကို ဆောင်ရွက်ဖို့ပါ တိုက်တွန်းလိုက်ကြတာတွေ့ရပါတယ်။

ဒါ့အပြင် အာဆီယံရဲ့ ဘုံသတောတူညီချက်ငါးရပ်ကို အကောင်အထည်ဖေါ်ပါ့မယ်လို့ ကတိပေးထားတဲ့ မြန်မာစစ်တပ်အနေနဲ့ ကတိအတိုင်းလုပ်ဖို့ပါ အလေးထားတိုက်တွန်းလိုက်တာလည်းရှိပါတယ်။

မနေ့က ပြုလုပ်တဲ့ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲဟာ ကောင်စီအဖွဲ့ဝင်နိုင်ငံတွေပဲလုပ်ကြတာဖြစ်ပြီး အဖွဲ့ဝင် ၁၅ နိုင်ငံထဲက ၉ နိုင်ငံကပဲ မြန်မာ့အရေးနဲ့ပတ်သတ်ပြီး ပူးတွဲကြေညာချက် ထွက်လာတာပဲ တွေ့ရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *