ကိုးကန့်က သူကြွယ်ဘွဲ့ရ သူဌေးဦးမောင်မောင် အပါအဝင် သူဌေးကြီး ၁၁ဦး နဲ့ နာမည်ကျော် မြီမိသားစုတို့ အဖမ်းခံရပြီးနောက် တရုတ်က မြန်မာပြည်မြောက်ပိုင်းက ကျားဖြန့်အပေါ် ကျေကျေနပ်နပ်နဲ့ပဲ သဘောထားမှတ်ချက်စကား ထွက်ပြောလာပါတယ်။
တရုတ်အစိုးရရဲ့ ထောက်ပံ့မှုအပြည့်အဝရထားပြီး သူ့ရဲ့ အာဘော်ကို အလေးထားဖော်ပြရတဲ့ China Radio International ဘက်ကနေ နိုဝင်ဘာ၁၈ရက်နေ့မှာ ဖော်ပြလာတာပါ။


တရုတ်ဘက်က Ming Xuechang(မြီရှောက်ချန်း)၊ Ming Guoping (မြီကော်ဖျင်း)(ခ)Ming Xiaoping. (မြီရှောက်ဖျင်း)နှင့် Ming Zhenzhen (မြီကျိန်းကျိန်း)တို့ကို မြန်မာပြည်မြောက်ပိုင်းထဲက ဆက်သွယ်ရေးလိမ်လည်မှုရဲ့ အဓိကခေါင်းဆောင်တွေလို့ မှတ်ယူထားကြပြီး ဖမ်းခံလိုက်ရတဲ့အပေါ် “ အမှောင်အင်အားစု အဆုံးသတ်သွားခဲ့ပါတယ်”၊“ ဒါဟာ မြန်မာနိုင်ငံမြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှုများရဲ့ အနှောင့်အယှက်ပေးခံခဲ့ရတဲ့ ကမ္ဘာ့ဒေသအသီးသီးမှလူများအတွက် အရေးကြီးတဲ့ သမိုင်းဝင်မှတ်တိုင်တစ်ခု ဖြစ်ပါတယ်” စတဲ့ ကြီးကျယ်တဲ့ စကားလုံးတွေ နဲ့ ညွှန်းဆို တာတွေ့ရပါတယ်။
၁၀၂၇ စစ်ဆင်ရေးဟာ ကျားဖြန့်နဲ့ ဆက်စပ်နေတယ်လို့ သုံးသပ်နေကြတဲ့ စစ်ရေးအကဲခတ်အချို့ကတော့ တရုတ်ဟာ သူလိုချင်တာ ရပြီမို့ မြောက်ပိုင်းက တိုက်ပွဲတွေ မြန်မြန်အဆုံးသတ်နိုင်တယ်လို့ မှတ်ချက်ပေးကြပါတယ်။
အချို့ကလည်း ဖုန်ကြားရှင်လိုမျိုး လောက်ကိုင်အထိ စိုးမိုးနိုင်ခဲ့တဲ့ သူထောက်ခံတဲ့ အဖွဲ့အစည်းမျိုးကို တရုတ်က ထားနိုင်လေမလားဆိုပြီး တိုက်ပွဲ ပိုပြင်းလိမ့်မယ်လို့ ဆိုကြပါတယ်။
လက်ရှိမှာတော့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့က လောက်ကိုင်ကို ဝင်တိုက်မယ်လို့ အတိအကျကြေညာထားပြီး အရပ်သားတွေ စွန့်ခွာဖို့ သတိပေးထားပါတယ်။
တစ်ဖက်မှာလည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ကိုးကန့်ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆွေကို ရာထူးကနေ ရပ်စဲပြီး အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်က အကြီးတန်းအရာရှိ ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့် ကို အစားထိုးနေရာပေး အုပ်ချုပ်ခိုင်းထားတာတွေ့ရပါတယ်။
“တရုတ်ရဲ့ သဘောထားက ဘယ်လို ရှိနေလဲဆိုတာ အရေးကြီးတယ်။သူက မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ဆိုတော့ကာ တိုက်ပွဲအခြေအနေက အကဲခတ်ရခက်တယ်”လို့ မြန်မာ-တရုတ် ဆက်ဆံရေးအကဲခတ်တစ်ဦးကပြောပါတယ်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ၁၀၂၇စစ်ဆင်ရေးဟာ တစ်နိုင်ငံလုံးအဆင့် စစ်ဆင်ရေးရဲ့ ပထမအဆင့် အဖြစ် ပြောင်းလဲသွားပြီလို့ နိုဝင်ဘာ ၁၈ မှာ ကြေညာပြီး စစ်ဘောင်ကို ရခိုင်၊စစ်ကိုင်း၊ချင်း၊မွန် အပြင် ပဲခူးတိုင်းအထိ ချဲ့လာနေတဲ့အပြင် ကရင်ပြည်နယ်မှာလည်း စစ်ရေးအရှိန်တင်လာနေကြပါတယ်။