မြန်မာပြည်ထဲရောက်နေသည့် ကျားဖြန့်ကို တရုတ်က ထဲထဲဝင်ဝင်တိုက်ဖျက်လို

  • မြန်မာ ပြည်ထဲရေးဝန်ကြီး၏ တရုတ်ခရီးစဉ်အတွင်း ကျားဖြန့်ကိစ္စကို တရုတ်ကအလေးပိုထား

၂၆ ဧပြီ၊၂၀၂၄

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန် နှင့် မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့သည် ၂၀၂၄ ဧပြီ ၂၅ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဝမ်ရှောင်ဟုန်က တရုတ်-မြန်မာ ပူးတွဲ၍ ဆက်သွယ်ရေးအွန်လိုင်းလိမ်ညာမှု တိုက်ဖျက်ရာတွင် အထင်ကရ ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပြီး လောင်းကစားလိမ်ညာမှု၊ မူးယစ်ဆေးဝါးစသည့် နယ်စပ်ဖြတ်ကျော် ပြစ်မှုများကို ထဲထဲဝင်ဝင် တိုက်ဖျက်သွားလိုကြောင်း ပြောဆိုခဲ့သည်ဟု ဆင်ဟွာကဖော်ပြသည်။

ယင်းအပြင် တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ဆက်ဆံရေးကို မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိကြောင်း၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ ဘက်စုံ နက်ရှိုင်းအောင် ဆောင်ရွက်သွားလိုကြောင်း၊ လူပုဂ္ဂိုလ်နှင့်စီမံကိန်းလုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်များကို မြှင့်တင်သွားလိုကြောင်း၊ တရားဥပဒေစိုးမိုးရေး စွမ်းရည် တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင် ဆောင်ရွက်လိုကြောင်း၊ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို ဆက်လက်တွန်းအားပေးကာ နှစ်နိုင်ငံနှင့်ဒေသ လုံခြုံမှု၊ တည်ငြိမ်မှုနှင့် တိုးတက်မှုအတွက် အကျိုးပြုဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရာပြည့်က နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှုရလဒ်များ ပိုမိုဖြစ်ထွန်းစေရန် တွန်းအားပေးဆောင်ရွက်သွားလိုကြောင်း ပြောကြားခဲ့သည်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *