၄ အောက်တိုဘာ၊၂၀၂၃
(၁၉) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ဆွတ်ခူးရယူ ပေးနိုင်ခဲ့သည့် မြန်မာပိုက်ကျော်ခြင်းအသင်းကို နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ (၁၀၀၀) ချီးမြှင့်ခဲ့ကြောင်း သိရသည်။


တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် အာရှအားကစားပြိုင်ပွဲများကို မြို့အသီးသီးရှိ အားကစားကွင်း/အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယမန်နေ့ ဒေသစံတော်ချိန် (၉) နာရီတွင် ကျင်းဟွာမြို့ Jinhau Sports Center ၌ ကျင်းပသည့် ပိုက်ကျော်ခြင်း အားကစားနည်းပြိုင်ပွဲ အမျိုးသား (၄) ယောက်တွဲ ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းက ပထမပွဲတွင် ရမှတ် (၂၁)မှတ်၊ (၁၃)မှတ်၊ ဒုတိယပွဲတွင် ရမှတ် (၂၄)မှတ်၊ (၂၂)မှတ်ဖြင့် (၂)ပွဲပြတ် အနိုင်ရရှိကာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံး ရွှေတံဆိပ်ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။
အဆိုပါပြိုင်ပွဲတွင် ဒုတိယဆုကို အင်ဒိုနီးရှားအသင်းနှင့် တတိယဆုကို ဂျပန်အသင်းနှင့် ဖိလစ်ပိုင်အသင်းတို့က ပူးတွဲရရှိခဲ့ကြောင်း လည်း သိရသည်။