မြန်မာတစ်နိုင်ငံလုံး၏ သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရေနစ်သေဆုံး

မြန်မာတစ်နိုင်ငံလုံး၏ သင်္ချာအိုလံပစ်ပြိုင်ပွဲ ဒုတိယဆုရှင် ရေနစ်သေဆုံးမှု ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းမှာ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကွန်းမြို့နယ်၊ အလယ်ချောင်းကျေးရွာမှ ဦးမောင်စိုးဝင်း၏သား အသက် ၂၈ နှစ်အရွယ် ကိုနေထိန်ဝင်း ဖြစ်ပြီး ပြီးခဲ့သည့်၂၀၂၁ ခုနှစ်က မြန်မာတစ်နိုင်ငံလုံး သင်္ချာအိုလံပစ် ပြိုင်ပွဲတွင် ဒုတိယရရှိထားသူဖြစ်သည်။

ကိုနေထိန်ဝင်း မှာ ကျောက်တော်မြို့နယ်၊ ပြိုင်ချောင်းကျေးရွာတွင် ကွန်ပျူတာသင် တန်း ပြသနေသူ တစ်ဦး လည်းဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်၊ ညနေက ယင်းကျေးရွာအနီး ချောင်းအတွင်းသူငယ်ချင်းများနှင့်အတူ ရေချိုးကြစဉ် ရေစီးသန်နေသောကြောင့် ချောင်းရေဖြင့် မျောပါသွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပညာရေးတက္ကသိုလ်(B.Ed) ကျောင်းဆင်း ကျောင်းဆရာ တစ်ဦးဖြစ်ပြီး ပညာရေးဝန်ထမ်းအဖြစ် တစ်နှစ်ကျော်ခန့် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အလုပ်ထွက်ကာ ဒေသတွင်း လူငယ်များအား ကွန်ပျူတာ သင်တန်းပြသနေသူဖြစ်ကြောင်းလည်း သိရသည်။

သေဆုံးသွားသည့် ကိုနေထိန်ဝင်း၏ရုပ်အလောင်းကို ဇာတိရွာ အလယ်ချောင်းကျေးရွာသို့ သယ်ဆောင်ကာ ယနေ့ စက်တင်ဘာလ ၁၅ ရက် က ရွာသုသာန်၌ သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *