မော်ရိုကိုမှာ ငလျှင်ကြောင့်သေဆုံးသူ ၂၁၀၀ ကျော်ရှိလာ အရေးပေါ်အကူအညီတွေ လိုအပ်နေ

မိုလာဘရာဟင်၊ စက်တင်ဘာ ၁၁

မော်ရိုကိုနိုင်ငံမှာ စက်တင်ဘာ၉ရက်က ဆယ်စုနှစ် ခြောက်ခုကျော်ထဲမှာ လူအသေအပျောက်အများဆုံး ငလျင်တစ်ခုလှုပ်ခတ်ခဲ့တဲ့နောက် ဒီနေ့အထိ သေဆုံးသူ ၂၁၀၀ကျော်အထိ ရှိလာနေပြီး လွတ်မြောက်လာသူတွေ၊ ဒဏ်ရာရခဲ့သူတွေ အတွက် ဆေးဝါးအကူညီတွေ လိုအပ်နေသလို ဝေးလံခေါင်သီတဲ့ ဒေသက လူတွေ အတွက် အစားအစာ၊ ရေနဲ့ အမိုးအကာတွေ  လိုအပ်နေတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၉ရက် သောကြာနေ့နှောင်းပိုင်းမှာ  ပြင်းအား ၆.၈ အဆင့်ရှိတဲ့ ငလျင်လှုပ်ခတ်ပြီးတဲ့နောက် လူတွေက အိမ်ထဲမှာ မနေရဲ့ကြတော့ပဲ  အပြင်မှာပဲ ၂ရက်ကျော်ထွက်နေခဲ့ရတယ်လို့ သိရပါတယ်။  အိမ်တွေအများကြီးပြိုကျခဲ့တဲ့ တောင်တန်းထူထပ်တဲ့ High Atlas ‌ဒေသက ကျေးရွာတွေကတော့ အဆိုး ရွားဆုံးထိခိုက်ခံစားရခဲ့ရပြီး စိန်ခေါ်မှုကို ရင်ဆိုင်နေရတယ်လို့ နိုင်ငံပိုင် မီဒီယာတွေ က ဖော်ပြပါတယ်။

 စက်တင်ဘာ ၁၀ရက်နေ့ ညနေအ ထိသေဆုံးသူ ၂,၁၂၂ ဦးအထိ မြင့်တက်လာပြီး ၂,၄၂၁ ဦး ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင် တီဗွီသတင်းမှာ ဖော်ပြပါတယ်။ မော်ရိုကိုအနေနဲ့  တခြားနိုင်ငံတွေက ကယ်ဆယ်ရေး ကမ်းလှမ်းမှုတွေကို လက်ခံမှာ ဖြစ်ပြီး လိုအပ်ပါကလည်း  ညှိနှိုင်းဆောင်ရွက်သွားဖို့ အသင့်ရှိနေတယ်လို့လည်း ဆိုထားပါတယ်။

ငလျှင်ကြောင့် မော်ရိုကိုနိုင်ငံရဲ့  ယဉ်ကျေးမှုအမွေအနှစ်တွေထဲက  ၁၂ ရာစုကတည်းက တည်ဆောက်ထားခဲ့တဲ့ သမိုင်းဝင် အရေးကြီးတဲ့ ဗလီဝတ်ကျောင်းတော်တစ်ခု ပြိုကျပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာဖြစ်တဲ့ မယ်ရာကက်  မြို့ဟောင်းမှာလည်း အပျက်တွေ ရှိခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

ပုံစာအညွှန်း။ ငလျှင်ကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦတစ်ခုကို တွေ့ရပုံ

Feature Image Credit: Reuters

Leave a Reply

Your email address will not be published. Required fields are marked *