ရှမ်းပြည်နယ်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်၊မိုင်းယု ကျေး ရွာအုပ်စု (၁၀၅မိုင်) မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ် ရေးဇုန်စခန်းအနားမှာ တိုက်ပွဲများဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ဖို့အတွက် မူဆယ်မြို့ဘက်ကို ဆိုင်ကယ်စီးပြီး ထွက်လာတဲ့ ၆လအရွယ်ကလေးငယ်တစ်ဦးပါဝင်တဲ့ မိသား စု၃ဦးဟာ နိုဝင်ဘာ ၂၉ရက်နေ့ လယ်ပိုင်းက မူဆယ်၁၀၅မိုင်နဲ့မူဆယ်မြို့ ကြား လမ်းပေါ်မှာ သေနတ်နဲ့ပစ်ခံခဲ့ရတာကြောင့် မိန်းမဖြစ်သူသေဆုံးခဲ့ကာ ယောင်္ကျားဖြစ်သူဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။



“ကျည်ကတော့ ဘယ်အဖွဲ့ကပစ်လိုက်တဲ့ကျည်လဲတော့မသိဘူး။မိန်းမဖြစ်သူက ပွဲချင်းပြီးသေတယ်။ယောင်္ကျားဖြစ်သူက ဒဏ်ရာရပြီ ကလေးလေးကတော့ ဒဏ် ရာမရဘူး။က လေးကိုတော့ အခင်းဖြစ်တဲ့နေရာအနီးက ခေတ္တခေါ်ယူ ထားပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
သေနတ်ထိမှန်ခဲ့တဲ့မိသားစု၃ဦးမှာ ၁၀၅ မိုင် မိုင်းယုကျေး ရွာ၊ဦးလှနိုင်လမ်းကြား၊သီလရှင်ကျောင်းအောက်၊နယ်မြေ ၃မှာနေထိုင်သူများဖြစ်ပြီး အမျိုးသားအမည်မှာကိုတရုတ်ကြီး (၂၇နစ်)၊အမျိုးသမီးအမည်မှာမလုံးချစ်(၂၆နှစ်)နဲ့၆လအရွယ်ကလေးတို့ဖြစ်ကာ ၁၀၅ မိုင်အနီးမှာ တိုက်ပွဲများဖြစ်ပွားနေတာကြောင့် စစ်ဘေးရှောင်ရင်း ကျည်ထိမှန်ခဲ့ကြရတာလို့ သိရပါတယ်။



