မုံရွာမြို့က စာရေးဆရာကြီးဝဏ္ဏသီရိ ကွယ်လွန်

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက်၈၇နှစ်အရွယ်ရှိပြီဖြစ်

ဆရာကြီးနေထိုင်သွားတဲ့ မုံရွာမြို့က နေအိမ်
ဓါတ်ပုံ။ မျိုးဝင်းထွန်း

 မုံရွာ၊ ဖေဖေါ်ဝါရီ ၃

ဘာသာရေးစာပေပေါင်းများစွာ ရေးသားထုတ်ဝေခဲ့တဲ့ အထင်ကရ စာရေးဆရာကြီးဝဏ္ဏသီရိဟာ ဖေဖော်ဝါရီလ ၂ရက် မွန်းလွဲ၁နာရီခွဲမှာ ၉၆ပါးသောရောဂါနဲ့ မုံရွာမြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

စာရေးဆရာကြီးဝဏ္ဏသီရိရဲ့အမည်ရင်းမှာ ဦးအောင် ခန့်ဖြစ်ပြီး ဆရာကြီးကို  စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ကြာပိုင်ရွာ၊ ကျီတွင်းရပ်မှာအဖဦးကြိုင်+အမိ ဒေါ်စိန်ရင်တို့က၁၂၉၇ ခုနှစ်၊နှောင်းတန်ခူးလဆန်း၁ရက်၊တနင်္ဂနွေနေ့မှာ မွေးဖွားခဲ့ပါတယ်။ဆရာကြီးမှာ မွေးချင်း ၈ယောက်ရှိပြီး ၁၉၅၄ ခုနှစ်မှာ မုံရွာမြို့၊မဟာဇောတိကာရာမကျောင်းတိုက်မှာ ရှင်ဣန္ဒောဘာသ ဘွဲ့အမည်နဲ့ စာလိုက်ခဲ့ရာမှာ ပထမငယ်၊ ပထမလတ်၊ပထမကြီးစာမေးပွဲများကို ပါဠိဘာသာနဲ့ဖြေဆိုအောင်မြင်ခဲ့တာပါ။ရဟန်းသိက္ခာ ၅ဝါအရမှာ ၁၉၆၁ ခုနှစ်စာချတန်း စာမေးပွဲကို ပါဠိဂုဏ်ထူး၊မြန်မာဂုဏ်ထူးကျမ်းတွေနဲ့တကွ အောင်မြင်တဲ့အတွက် သာသနဓဇ သီရိပဝရ ဓမ္မာစရိယ ဝိနယပါဠိပါရဂူဘွဲ့ကို ရရှိခဲ့ပါတယ်။

ဆရာကြီးဝဏ္ဏသီရိမဖြစ်ခင် “အဟိ”စာစောင်မှာဖုန်းဖုန်းကလောင်နဲ့ဘုန်းကြီးကျောင်းဝန်းကျင်က ဟာသဝတ္ထုတိုတွေစတင်ရေးသားခဲ့ပြီး ၁၉၆၈၊၁၉၆၉၊၁၉၇၀ ခုနှစ်တွေမှာ မြဝတီ၊ငွေတာရီ မဂ္ဂဇင်းတွေမှာ ဖုန်းဖုန်း ကလောင်နဲ့ပဲဘဝသရုပ်ဖော် ဝတ္ထုတွေကို ရေးသားခဲ့ပါတယ်။

၁၉၇၄ခုနှစ်ကထုတ်ဝေခဲ့တဲ့ ဝိမုတ္တိသာသနာစာအုပ်ကစပြီး အရှင်ဝဏ္ဏသီရိကလောင်အမည်ကို ခံယူခဲ့ပြီး အဲဒီနာမည်နဲ့ ဗုဒ္ဓ၏ လောကကြေးမုံ၊ ညီတော်အာနန္ဒာ၏တစ်သက်တာမှတ်တမ်း(၅တွဲ)(ယခု ၂တွဲပေါင်းချုပ်)နဲ့ မြတ်ဗုဒ္ဓ၏ သားတော် ရာဟုလာစာအုပ်တွေကိုရေးသားခဲ့ပါတယ်။

၁၉၈၁ ခုမှာသာသနာ့ဘောင်ကထွက်လာပြီး ဝဏ္ဏသီရိကလောင်အမည်နဲ့ ညီတော်နန္ဒနှင့်ဇနပဒကလျာဏီ၊ထေရီထေရာ ရဟန္တာ ပုဂ္ဂိုလ်ကြီးများ၊လူ့ဘောင် လမ်းပြငါးရာ့ငါးဆယ်ဝတ္ထုများ စတဲ့စာအုပ်တွေကို ရေးသားခဲ့ပါတယ်။

ဆရာကြီးဟာ ကွယ်လွန်ချိန်မှာ အသက်၈၇နှစ်အရွယ်ရှိပြီး ဆရာကြီးရဲ့နာရေးကို ဖေဖော်ဝါရီလ၃ရက်နေ့မွန်းတည့်၁၂ နာရီမှာပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *