မုန်တိုင်း”မိုခါ” စစ်တွေမြို့အနီး “ကျောက်ပန္ဒူ” နှင့် “မြင်းလွှတ်”ရွာကြားက ဖြတ်မည်

မုန်တိုင်း”မိုခါ” စစ်တွေမြို့အနီး “ကျောက်ပန္ဒူ” နှင့် “မြင်းလွှတ်”ရွာကြားက ဖြတ်ကာ စစ်တွေမြို့သာမက ကျောက်ဖြူမြို့အလွန် တောင်ကုတ်၊ သံတွဲထိလေတိုက်ခတ်မည်ဖြစ်ကြောင်း မိုးလေဝသ ကျွမ်းကျင်သူ ဦးဝင်းနိုင်က ခန့်မှန်းထားသည်။

“ဆိုင်ကလုန်းမုန်တိုင်း မိုခါက ဒီနေ့နေ့လယ် ၁ နာရီမှာ အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း – Extremely Severe Cyclonic Storm(ESCS)အဆင့် (CAT-4) မှ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဆင့် Very Severe Cyclonic Storm(VSCS) – (CAT-3) အဆင့်ကို လျော့ကျသွားမယ်လို့ အသစ်ထွက်လာတဲ့ နိုင်ငံတကာမုန်တိုင်းခန့်မှန်းရေးဌာနကြီးများရဲ့ခန့်မှန်းချက်များမှာ တပြေးညီ ထွက်လာပါပြီ။ CAT-5 အဆင့်အထိ ရောက်နိုင်ကြောင်းနိုင်ငံတကာ ထုတ်ပြန်ချက်များမှာမတွေ့ရပါ”ဟု ယင်းက လူမှုကွန်ရက်တွင် ရေးသားထားသည်။

ယင်းအပြင် ဦးဝင်းနိုင်က “လမ်းကြောင်းဦးတည်ရာကလည်း စစ်တွေမြို့အနီး “ကျောက်ပန္ဒူ” နဲ့ “မြင်းလွှတ်”ရွာကြားလောက်ကို ဖြတ်မယ်လို့ တွေ့ရပါတယ်။ ဒီနေရာက စစ်တွေမြို့ရဲ့ မြောက်ဘက် ၃၈ မိုင်ခန့်သာ ဝေးပါတယ်။ မုန်တိုင်းရဲ့ အတွင်းဗဟိုစက်ဝန်းရဲ့ အချင်းက မိုင် ၁၀၀ ကျော်၊ မုန်တိုင်းပြင်းအားအမြင့်ဆုံး အတွင်းစက်ဝန်းအရွယ်အစားက မိုင် ၂၀၀ ကျော်ဖြစ်တာကြောင့် စစ်တွေမြို့တင်မက ကျောက်ဖြူမြို့အလွန် တောင်ကုတ်၊ သံတွဲအထိ မုန်တိုင်းရဲ့ ပြင်းအားမြင့် အတွင်းစက်ဝန်းထဲက လေတိုက်ခတ်မှုကို ခံရမှာဖြစ်ပါတယ်။

ကုန်းတွင်းဝင်ကာနီးမှာ မြေပြင်နဲ့ ထိလာတဲ့ မုန်တိုင်းအပြင်ဘက် လေစီးကြောင်းများရဲ့ အားလျော့နည်းသွားတာကြောင့် မုန်တိုင်းကုန်းတွင်းဝင်မဲ့အချိန်မှာ လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ ကျော်ရှိတဲ့ VSCS – CAT-3 အဆင့်နဲ့ဝင်မှာကြောင့် အနည်းငယ်တော့ သက်သာရ ရနိုင်ပါမယ်။

မုန်တိုင်းပြင်းအားနဲ့ အရွယ်အစားတွေကြောင့် ဖြစ်လာနိုင်မဲ့ Storm Surge – မုန်တိုင်းဒီလှိုင်းရိုက်ခတ်နိုင်မှုအခြေအနေက စစ်တွေအနီးဝန်းကျင်မှာ ၂ မီတာခန့် နဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းဒေသတွေ၊ မွန်ပြည်နယ်ကမ်းရိုးတန်း(ရေးမြို့အထိ)မှာ ဝ.၅ မီတာမှ ၁ မီတာခန့် Storm Surge ရှိနိုင်မယ်လို့ တွေ့ရပါတယ်။မုန်တိုင်းကုန်တွင်းပိုင်းကို ဝင်ရောက်ချိန်မှာတော့ ရခိုင်ရိုးမတောင်တန်းနဲ့ ချင်းတောင်တန်းတွေရဲ့ မြေမျက်နှာသွင်ပြင်ကြောင့် အလျင်အမြန်အားလျော့သွားနိုင်ပြီး ကုန်းတွင်းမုန်တိုင်း၊ လေဖိအားနည်းရပ်ဝန်းအဆင့်များနဲ့ ကချင်ပြည်နယ် မြစ်ကြီးမြို့ပေါ်အထိရောက်လာနိုင်ပြီး ကချင်ပြည်နယ်ပေါ်မှာ အားပျော့ပျက်ပြယ်သွားမယ်လို့ ခန့်မှန်းချက်များ ရှိပါကြောင်းတင်ပြလိုက်ပါတယ်”ဟုအဆိုပါ ရေးသားချက်တွင် ဖော်ပြထားသည်။

Visited 19 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *