ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ် အဆင့်ကနေ “မိုချာ´´အမည်နဲ့ ဆိုက်ကလုန်း မုန်တိုင်းအနေနဲ့ ကုန်းတွင်းပိုင်းကို မြန်မာ နိုင်ငံက စစ်တွေ၊ကျောက်ဖြူ၊သံတွဲနဲ့ဂွမြို့တို့ကို မေလ၁၄ရက်နေ့နံနက်ပိုင်းမှစတင်ပြီး ဝင်ရောက်မယ်လို့မိုးလေဝသပညာရှင်ဦးဝင်း နိုင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးပြောကြားထားပါတယ်။
မိုချာ ဆိုက်ကလုန်းမုန်တိုင်းဟာ စစ်တွေ မြို့ကို မေလ ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး တော့ မုန်တိုင်းအဖျားက ခုနပြောတဲ့ မြို့လေးမြို့ကို စထိမှာ။ ကမ်းရိုးတန်း ဒေသ ပေါ့။ အတိအကျပြောမယ်ဆိုရင် စစ်တွေရဲ့မြောက်ဘက် မိုင် ၁၅၀၊ စစ်တွေရဲ့တောင် ဘက် မိုင် ၁၅၀။ အဲ့ဒီအကွာ အဝေးအတွင်း မှာရှိတဲ့ ကမ်းခြေဒေသတွေကတော့ မုန်တိုင်းတိုက်ရိုက် သက်ရောက်နိုင်တဲ့ အခြေအနေရှိတယ်။ ဘာကြောင့်လဲဆိုတော့ မုန်တိုင်းအရွယ်အစား တအားကြီးတဲ့ အတွက်ကြောင့်ဖြစ်တယ်လို့ မိုးလေဝသ ပညာရှင် ဦးဝင်းနိုင်က ပြောကြားထား ပါတယ်။
ကမ္ဘာ့သဘာဝဘေးဆိုင်ရာသတိပေးချက်ထုတ်ပြန်ခြင်းနှင့် ပူးပေါင်းဆောင်ရွက် ခြင်းစနစ်” (Global Disaster Alert and Coordination SYSTEM) ကတော့ ရခိုင် ပြည်နယ်မှ လူဦးရေ ၉၃၀,၀၀၀ ၊ချင်းပြည်နယ်မှ လူဦးရေ ၂၁၀,၀၀၀၊ မကွေး တိုင်းမှ လူဦးရေ ၁၇၀,၀၀၀ နဲ့ စစ်ကိုင်း တိုင်းမှ လူဦးရေ ၄၄၀,၀၀၀ တို့ဟာ အန္တရာယ်ရှိတဲ့ လေပြင်းတိုက်ခိုက် ခြင်းကို ခံရနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
ဆက်လက်ပြီး ဦးဝင်းနိုင်က ၁၄ ရက်နေ့ မနက်ပိုင်းကစပြီး မုန်တိုင်းရဲ့ အပြင်ကွင်း တွေထိပြီး လေပြင်းအား တွေ စလာမယ်။ အဲ့ဒီ ကနေ ၁၄ ရက်နေ့ညကို မုန်တိုင်းဗဟိုဝင် မယ်။ မုန်တိုင်းဗဟိုမဝင်ခင် လေက တောင်ဘက်ကနေတိုက်မယ်။ မုန်တိုင်းဗဟို ဝင်နေချိန်နဲ့ ဝင်ပြီးချိန်မှာ လေက အနောက် တောင်ဘက်ကနေတိုက်တယ်။မုန်တိုင်း ပြင်းအားအမြင့်ဆုံးဖြစ်မယ့် အချိန်ကတော့ ၁၄ရက်နေ့ ညနေပိုင်းလောက်မှာဖြစ်မယ်။
မုန်တိုင်းကုန်းတွင်းကို ဝင်သွားပြီးတဲ့အခါ ၁၅ ရက်နေ့ မနက် ၆ နာရီဆိုရင် ချင်းနဲ့ စစ် ကိုင်းတိုင်းအထက်ပိုင်းထဲကို ရောက်မယ်။ ရောက်တဲ့အချိန်ကျရင်တော့ လေက တစ် နာရီကို မိုင် ၄၀ ကျော်ဖြစ်မယ်။ မိုးတိမ်ကြီးတွေ ပါလာမယ်လို့လည်း ပြောကြားထားပါတယ်။
မုန်တိုင်းဒဏ်ခံရနိုင်တဲ့ဒေသတွေနဲ့ပတ်သက်ပြီး ဦးဝင်းနိုင်က မုန်တိုင်းရဲ့ အရွယ်အစားနဲ့ JTWC ကတင်ထားတဲ့ ပုံမှာ Shading ဧရိ ယာတွေ့လိမ့်မယ်။ အတွင်းထဲမှာ အနီ ရောင်ကွင်းနဲ့ပုံ အဲ့တာက မုန်တိုင်းရဲ့ အတွင်းအပြင် လေတိုက်ခံရမဲ့နေရတွေပေါ့။ မုန်တိုင်းရဲ့အပြင်ကတော့ တစ်နာရီကို မိုင်၄၀ လောက်ရှိနိုင်မဲ့ ဧရိယာပေါ့။ Shaded ဧရိယာကတော့ မြစ်ဝကျွန်းပေါ် ကမ်းရိုးတန်း၊ ပဲခူး၊ မှော်ဘီ ပြီးတော့ ကရင်၊ ရှမ်းပြည်နယ် အဲ့ဒေသတွေပါ ပါတယ်။ မုန်တိုင်းရဲ့ အဖျားခတ်ခံရနိုင်တဲ့ဒေသတွေက တော့ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ကယား ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ် အဲ့ဒေသတွေအကုန်ပါမယ်။ တနင်္သာရီတိုင်း၊ မွန်၊ ကရင်တောင်ပိုင်းပဲ လွတ်တယ်ဗျလို့ ဆိုထားပါတယ်။





