မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် ပူးပေါင်းတင်ဆက်မှုဖြင့် ရန်ပုံငွေပဒေသာဖျော်ဖြေပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက သိရသည်။
အဆိုပါ ရန်ပုံငွေပဒေသာကပွဲကြီးကို ဇွန်လ ၂ ရက်မှ ၄ ရက်ထိ အမျိုးသားဇာတ်ရုံတွင် ညနေ ၆ နာရီမှ ၉ နာရီခွဲအထိ ဖျော်ဖြေသွားမည်ဖြစ်ပြီး လာရောက်ကြည့်ရှုအားပေးကြမည့် ပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရန် YBS ယာဉ်လိုင်းများနှင့် တက္ကစီများစီစဉ်ထားရှိမည် ဖြစ်ကြောင်း သိရသည်။
ရန်ပုံငွေ ပဒေသာဖျော်ဖြေပွဲကြီးတွင် လက်မှတ်များကို ငွေကျပ် ၅၀၀၀ မှ ငွေကျပ် ၃၀၀၀၀ ထိ သတ်မှတ်ကာ မေ ၂၉ ရက်မှစတင်၍ အမျိုးသားကဇာတ်ရုံနှင့် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးတို့တွင် ရောင်းချပေးနေကြောင်း၊ ငွေကျပ် ၅၀၀၀ အတွက် ထိုင်ခုံ ၄၈၂ လုံး၊ ငွေကျပ် ၁၀၀၀၀ အတွက် ထိုင်ခုံ ၁၃၆ လုံး၊ ငွေကျပ် ၂၀၀၀၀ အတွက် ထိုင်ခုံ ၁၀၂ လုံး၊ ငွေကျပ် ၃၀၀၀၀ အတွက် ထိုင်ခုံ ၃၀၈ လုံးတို့ကို ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ယင်းရန်ပုံငွေပွဲအတွက် ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးမှ အနုပညာရှင်တို့က မေလ ၃၀ ရက်တွင် ဇာတ်တိုက်လေ့ကျင့်သွားမည်ဖြစ်ကြောင်းနှင့် ပဒေသကပွဲမှရရှိသော ရန်ပုံငွေများကို မိုခါမုန်တိုင်းဒဏ်သင့်ဒေသမှ ပြည်သူတို့အတွက် လှူဒါန်သွားမည်ဖြစ်ကြောင်း သိရသည်။