မိုခါကြောင့် သဘာဝဘေးကျရောက်ခဲ့သည့် ရခိုင်ပြည်နယ်သို့ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပရဟိတအသင်းများမှ ၄၁၈ ဦးကို ကယ်ဆယ်ရေးဆောင်ရွက်ရန် ယနေ့စေလွှတ်

ဆိုင်ကလုန်းမုန်တိုင်း မိုခါကြောင့်သဘာဝဘေးအန္တရာယ်ကျရောက်သော ရခိုင်ပြည်နယ်ရှိ မြို့နယ်များသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အထူးရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များအပါအဝင် ပရဟိတအဖွဲ့ဝင် ၄၁၈ဦးကိုကူညီကယ်ဆယ်ရေးဆောင်ရွက်ရန် ယနေ့ မေလ ၁၇ ရက်ကစေလွှတ်ခဲ့ကြောင်း သိရသည်။

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “မိုခါ”(MOCHA) ဖြတ်ကျော်ဝင်ရောက်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့​ေသာရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ် ကိုလည်း သဘာဝဘေးအန္တရာယ်ကျရောက်သောဒေသများအဖြစ် ကြေညာထား၍သွားရောက်ကူညီရန် ကူညီကယ်ဆယ်ရေးစေလွှတ်ခဲ့သည့်အဖွဲ့များမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ ကွပ်ကဲမှုနှင့် အထူး ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင် အင်အား (၂၀)ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင် အင်အား (၁၁၆)ဦးစီ ပါဝင်သော ကူညီကယ်ဆယ်ရေး တပ်ခွဲ(၃)ခွဲနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်လုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နေသည့်အပြင် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့်ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းများကို တက်ရောက်အောင်မြင်ထားသည့် ပရဟိတလူမှုရေးအသင်းအဖွဲ့များမှ အင်အား ၅၀ ဦး၊ စုစုပေါင်း အင်အား ၄၁၈ ဦးဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

မေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်တွင် အဆိုပါဒေသများသို့ နိုင်ငံတော်မှ စီမံပေးမှုဖြင့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တပ်မတော်ပို့ဆောင်ရေး လေယာဉ်များဖြင့်သွားရောက် မည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့များကို ဓမ္မဒူတဇေတဝန်တောရ၊ ဓမ္မဒူတဆေကိန္ဒတက္ကသိုလ်နှင့် ဆေကိန္ဒရာမကျောင်းတိုက်ကြီး၏ ပဌာနဘာဏက ဆရာတော်၊ အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ပါမောက္ခချုပ် ဆရာတော် အရှင်ဒေါက်တာဆေကိန္ဒ၊ ရန်ကုန်တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ၊အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊အစိုးရအဖွဲ့ဝန်ကြီးများ၊ မီးသတ်ဦးစီးဌာနမှတာဝန်ရှိသူများ၊ အရာရှိများနှင့် ပရဟိတ အသင်းအဖွဲ့များ အစရှိသဖြင့်တာဝန်ရှိသူများက လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်းသိရသည်။

လေယာဉ်မထွက်ခွာမီ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ကူညီကယ်ဆယ်ရေးအဖွဲ့များကို လိုအပ်သည်များ လမ်းညွှန်မှာကြားကာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ အထူးရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင် (၂၀)ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲ (၁၁၆)ဦးနှင့် ပရဟိတအဖွဲ့ဝင် (၅၀)ဦး၊ စုစုပေါင်းအင်အား (၁၈၆)ဦးအတွက် (၁)ဦးလျှင် ငွေကျပ် ၁၅၀,၀၀ဝိ/- (ကျပ်တစ်သိန်းငါးသောင်း)နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ ရှာဖွေကယ်ဆယ်ရေးတပ်ခွဲများကိုလည်း သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် တိုင်းဒေသကြီး ဝန်ကြီးချုပ်များက ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ကြောင်းသိရသည်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *