မော့ပ်တီ( မာလီ) ၊ ဇူလိုင် ၄
မာလီနိုင်ငံအလယ်ပိုင်း မောပ်တီဒေသက ဂျီဂူဘွန်ဘို ဆိုတဲ့ ရွာကို အမည်မသိ လက်နက်ကိုင်အဖွဲ တစ်ဖွဲက လာပြီး တိုက်ခိုက်ခဲ့လို့ အပစ်မဲ့ ရွာသူရွာသား ၄၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ဇူလိုင်၂ရက် အင်္ဂါနေ့က ပြောဆိုခဲ့ပါတယ်။
အခင်းဖြစ်ခဲ့တဲ့ မာလီနိုင်ငံ မြောက်ပိုင်းဟာ အယ်လ်ကိုင်ဒါအဖွဲ့၊ အစ္စလာမ္မစ်နိုင်ငံတော် အိုင်စစ်စတဲ့ အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ ဂျီဟတ်ဝါဒီအဖွဲ့တွေ ဆယ်စုနှစ်တစ်ခုကျော်ကြာ လှုပ်ရှားနေတဲ့ အရပ်ဒေသဖြစ်ပါတယ်။
“ဒါဟာ အတော်ပြင်းထန်တဲ့ တိုက်ခိုက်မှုဖြစ်ပြီး လက်နက်ကိုင်တွေက ရွာကို ဝိုင်းထားပြီး လူတွေကို ပစ်သတ်ခဲ့တယ်” လို့ ဘန်းကတ်စ် မြို့တော်ဝန်က ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။
သေဆုံးသူ အရေအတွက်ကို တိတိကျကျ မပြောပြနိုင်သေးပေမယ့် ကနဦး သတင်းတွေအရကတော့ လူ အယောက်၄၀ထက် မနည်းဘူးလို့ ဒေသခံ အရာရှိတစ်ယောက်ကပြောပါတယ်။
မာလီနိုင်ငံရဲ့ တရားဝင်အမည်က မာလီသမ္မတနိုင်ငံ ဖြစ်ပြီး အနောက်အာဖရိက က ကုန်းတွင်းပိတ်နိုင်ငံ တစ်နိုင်ငံပါ။
မာလီနိုင်ငံဟာ အာဏာသိမ်းမှုတွေ အကြမ်အကြိမ် ရင်ဆိုင်ခဲ့ရပြီး ဒီနေ့တိုင် မတည်မငြိမ်ဖြစ်နေတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။
Ref: Reuters
ပုံစာ။ တိုက်ခိုက်ခံရတဲ့ရွာကို တွေ့ရပုံ
Feature Image credit: ISSOUF SANOGO/AFP/Getty Images



