ဧရာဝတီတိုင်းဒေသကြီး၊မအူပင်မြို့မှာ ၂၀၂၃ ဇွန်လ ၇ရက် ညနေ၄နာရီခွဲလောက်က ငလျင်ရှား မှုတစ်ခုဖြစ်ပွားခဲ့ပြီး သီလရှင်တစ်ပါးနဲ့ အမျိုးသမီးတစ်ယောက် အုတ်တံတိုင်းပိ သေဆုံးခဲ့ရပြီး အဆောက်အဦအချို့ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့တယ်လို့ ဒေသခံသတင်း ရင်းမြစ်တွေဆီက သိရပါတယ်။


“မအူပင် ဒီနေ့ ငလျင်လှုပ်တာ တော်တော် ကြမ်းတယ်။မအူပင်မြို့ မိုးကုတ် ဝိပဿနာ ကျောင်းက အုတ်တံတိုင်းပိမိပြီး သီလရှင် ဆရာကြီးတစ်ပါးနဲ့အမျိုးသမီးကြီးတစ် ယောက် သေဆုံးသွားတယ်” လို့ မအူပင်မြို့ခံတစ်ယောက်ကပြောပါတယ်။


မအူပင်မြို့နေပြည်သူတစ်ယောက်ကလည်း “ ရွှေဘုန်းမြင့်ဘုရားစေတီ ငှက်မျက် နားတော်လည်း ယိုင်လဲသွားတယ်။ ပေါ် တော်မူဘုရား၊မအူပင်တက္ကသိုလ်၊မအူပင် တရားရုံးတို့မှာ အဆောက်အဦပျက်စီး မှုတွေရှိခဲ့ပါတယ်။မအူပင်မှာ ဒီနေ့ ငလျင်လှုပ်နေတာ၄ခါရှိပါပြီ။ ၂ခါကတော် တော်ပြင်းပါတယ်လို့” ပြောပါတယ်။


မအူပင်မြို့မှာ ၂၀၂၃ ဇွန်လ၇ရက်ညနေ၄နာရီခွဲခန့် လှုပ်ရှားခဲ့တဲ့မြေငလျင်နဲ့ ပါတ်သတ်ပြီး မိုးလေဝသ နဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက်မှာ ဧရာဝတီတိုင်းဒေသကြီး၊ညောင်တုန်းမြို့ရဲ့ တောင်-အရှေ့ တောင်ဘက် (၅) မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၆.၉၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၇)ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၈) အဆင့်ရှိ အင်အားအနည်းငယ်မြေငလျင်ရဲ့ဆက်စပ်မှုရှိတဲ့ မြေငလျင်ဖြစ်တယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။