
photo Credit: Fazry Ismail/EPA-EFE/Shutterstock
ဂျိုဟိုး(မလေးရှား)၊ မတ် ၅
မလေးရှားနိုင်ငံ တောင်ပိုင်းဒေသဖြစ်တဲ့ ဂျိုဟိုးပြည်နယ် မှာ ကြုံနေရတဲ့ ရာသီအလိုက် ရေကြီးရေလျံမှုတွေကြောင့် အနည်းဆုံး လူလေးဦး သေဆုံးပြီး ၄၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။
မတ်လ ၄ရက် စနေနေ့က ဂျိုဟိုးပြည်နယ် အာဏာပိုင်တွေ အတည်ပြုခဲ့တဲ့ သေဆုံးသူတွေထဲမှာ ရေစီးနဲ့ မျောပါသွားတဲ့ ကားထဲမှာ ပိတ်မိနေခဲ့တဲ့ သူတစ်ယောက်လည်း ပါတယ်လို့ ဆိုပါတယ်။
တောင်ပိုင်းပြည်နယ်တစ်ဝှမ်းမှာရှိတဲ့ မြို့တချိုမှာတော့ ကယ်ဆယ်ရေးသမားတွေနဲ့ စေတနာ့ဝန်ထမ်းတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ရေဘေးရှောင်နေတဲ့ လူတွေက သူတို့အိမ် အောက်ခြေတစ်ခုလုံးရေမြုပ်ပြီး နည်းနည်းပဲ ရေပေါ်ပေါ် တော့တဲ့ အိမ်ခေါင်မိုးတွေပေါ်တက်ပြီး ရှောင်နေကြတဲ့ ပုံတွေ အတော်များများကို ဆိုရှယ်မီဒီယာပေါ်မှာ တွေ့ကြရပါတယ်။
မလေးရှားနိုင်ငံအမျိုးသား ရေကြီးရေလျှံမှု အေဂျင်စီကနေ မျှဝေထားသည့် ဓာတ်ပုံတွေထဲမှာလည်း ကယ်ဆယ်ရေးသမား တွေက နေအိမ်တွေထဲမှာ ပိတ်မိနေတဲ့သူတွေကို ရင်ခေါင်းလောက်မြင့်တဲ့ ရေနက်ထဲမှာ ကြိုးစားကယ်တင်နေတာတွေ တွေ့ရပါတယ်။
အခြားပုံတွေမှာတော့ ရေလျှံနေတဲ့ လမ်းတွေနဲ့ ရွှံ့ရေထဲမှာ နစ်နေတဲ့ ကားတွေကိုလည်း တွေ့ကြရပါတယ်။
မလေးရှားနိုင်ငံဟာ ဆယ်စုနှစ်တွေထဲမှာ အဆိုးရွားဆုံး ရေကြီးမှုတစ်ခု ၂၀၂၁ ခုနှစ်မှာ ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၅၄ယောက် အထိရှိခဲ့ဖူးပါတယ်။ အဲ့ဒိနှစ်က နိုင်ငံအနှံ့ ရေကြီးရေလျှံမှုတွေကြောင့် ပြည်နယ် ရှစ်ခုအထိထိခိုက်ခဲ့ပြီး အစိုးရရဲ့ သဘာဝ ဘေးအန္တရာယ်အပေါ် တုံ့ပြန်မှုအပေါ် ဝေဖန်မှုတွေလည်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
လူဦးရေလေး သန်းရှိတဲ့ ဂျိုဟိုးပြည်နယ်ဟာ မလေးရှားနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးပြည်နယ်ဖြစ်ပြီး အခုရာသီမှာ ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံးခံရစားနေရပါတယ်။ ထောင်နဲ့ချီတဲ့ ဒေသခံတွေကတော့ အခုဆိုရင် အိုးအိမ်တွေကို စွ့န်ခွာပြီး စာသင်ကျောင်းတွေ၊ ရပ်ရွာခန်းမတွေမှာ ဖွင့်ထားတဲ့ကယ်ဆယ်ရေးစခန်းတွေဆီကို ပြောင်းရွှေ့သွားကြရပြီလို့ တာဝန်ရှိသူတွေ ပြောဆိုချက်အရ သိရပါတယ်။
Ref:CNN