မလေးရှားတွင် ငါးဖမ်းစက်လှေလိုက်ရင်း ပင်လယ်ပြင်မှာပျောက်ဆုံးနေသူ မြန်မာနှစ်ဦးအနက် ၁ဦးကို ၆ရက်အကြာမှ ပြန်တွေ့၊ ကျန်၁ဦးပျောက်ဆုံးနေ

၂ အောက်တိုဘာ၊၂၀၂၃

မလေးရှားနိုင်ငံရှိ ငါးဖမ်းစက်လှေလိုက်ရင်း ပင်လယ်ပြင်တွင် ရေစီးနဲ့မျောပါပျောက်ဆုံးသွားသူ မြန်မာ၂ဦးအနက် ၁ဦး၏ရုပ်အလောင်းကို ၆ရက်အကြာတွင်ပြန်လည်တွေ့ရှိခဲ့ပြီး ကျန် ၁ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)ထံက သိရသည်။

စက်တင်ဘာလ ၂၀ရက်က မလေးရှားပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေလိုက်ရင်း မွန်အမျိုးသား ကိုနိုင်ကျော်နိုင်ဦးနှင့် အခြားမြန်မာနိုင်ငံသား ၁ဦး ပိုက်ကြိုးရိုက်ကာ လှိုင်းပိပြီး ပျောက်ဆုံးသွားခဲ့ကြောင်းသိရသည်။

” စက်တင်ဘာဆိုရင် လှိုင်းပြင်းတယ်။ ရာသီဥတုဆိုးရွားတာတွေကြောင့် ငါးဖမ်း ငါးတင်ပြုလုပ်နေစဥ်မှာ ရေထဲပြုတ်ကျ သေဆုံးတာ၊ ပိုက်တင်/ချ စက်ထဲခြေ၊ လက်တွေညပ်ပါသွားတာတွေ အသက် ပေးလိုက်ရတာတွေ မကြာခဏတွေ့ရတယ်။ဒါကြောင့် ကမ်းနီး/ ကမ်းဝေးအန္တရာယ်ဖြစ်နိုင်တဲ့ ကိစ္စတွေကို သတိထားဖို့လိုအပ်ကြောင်း”မြန်မာလူမှုကူညီရေးအသင်း(မလေးရှား) ကပြောကြားထားသည်။

ပျောက်ဆုံးသွားသူနှစ်ဦးကို ရေလုပ်သားများက စက်လှေများနဲ့ ရေငုတ်ရှာဖွေခဲ့သော်လည်း မတွေ့ရှိခဲ့ဘဲ စက်တင်ဘာလ ၂၆ရက်နေ့တွင် ကွာလာစလန်းကောခရိုင် ဆာဗါးဗဒက်နံ မလေးရှားရဲတပ်ဖွဲ့က ရေစီးနှင့်မျောပါနေသော ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်းသိရသည်။

အဆိုပါရုပ်အလောင်းအား စုံစမ်းမေးမြန်းရာ လက် မောင်းတွင်ထိုးထားသော တက်တူးအမှတ်အသားအရ သေဆုံးသူမှာ မွန်အမျိုးသား ကိုနိုင်ကျော်နိုင်ဦးဖြစ်ကြောင်း သိရှိရသည့်အတွက် မိသားစုများက ဆေးရုံကတာဝန်ရှိသူတွေနှင့် တွေ့ဆုံကာ အမြန်ဆုံးသင်္ဂြိုလ်ရန် ကူညီဆောင်ရွက်နေကြောင်း အသင်းက သိရသည်။

ပင်လယ်ပြင်၌ပျောက်ဆုံးနေသူ အခြားမြန်မာနိုင်ငံသားတစ်ဦးကို အောက်တို ဘာလ ၂ရက်အထိ ရှာဖွေမတွေ့ရှိသေးကြောင်းသိရသည်။

Visited 84 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *