မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မန္တလေးလေဆိပ်ဟောင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာ အောက်တိုဘာလ၅ရက်ည ၇နာရီခွဲခန့်က အမျိုးသမီးငယ်တစ်ဦး ဆိုင်ကယ်စီးလာချိန် ဖုန်းနဲ့ပိုက်ဆံအိပ်ကို လုယက်ခံခဲ့ရရာမှဆိုင်ကယ်ပေါ်ကနေ ပြုတ်ကျသေဆုံးခဲ့တာလို့ သေဆုံးသွားသူအမျိုးသမီးငယ်ရဲ့ မိတ်ဆွေအသိုင်းအဝိုင်းက သိရပါတယ်။

“ဒီသတင်း ကြားမိတော့ တော်တော်လေးကို စိတ်မကောင်း ဖြစ်ရတယ်။မန္တလေးမှာက အခုလိုမျိုး အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ဖုန်းတို့ပိုက်ဆံအိတ်တို့ကို လုယက်တဲ့ ကိစ္စတွေ အဖြစ်များပါတယ်။ခုဖြစ်စဥ်က လုယက်မှုမဟုတ်တော့ဘူး လူသတ်မှုကျူးလွန်တာမျိုးဖြစ်နေပြီ”လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
သေဆုံးသွားတဲ့အမျိုးသမီးငယ်မှာ အသက်၂၀နှစ်ခန့်အရွယ်ဖြစ်ပြီး အလုပ်ကအပြန် လုယက်သူများက သူမစီးလာတဲ့ဆိုင်ကယ်ကို ဆိုင်ကယ်၂စီးနဲ့ညှပ်ပြီး ဖုန်းနဲ့ပိုက်ဆံအိတ်ကို လုယက်ရာ အမျိုးသမီးငယ်မှာ ဆိုင်ကယ်ပေါ်က ပြုတ်ကျပြီး နောက်ကလာတဲ့ကားက ကြိတ်မိလို့ သေဆုံးသွားခဲ့ရတာလို့ သိရပါတယ်။