မန္တလေးမြို့၊မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်း ကျောက်အရောင်းအဝယ်ပြုလုပ်နေတဲ့ ကျောက်သ မားတွေအနေနဲ့ လုပ်ငန်းလိုင်စင်ကို မဖြစ်မနေလုပ်ရတော့မှာ ဖြစ်တယ်လို့ သိရတယ်။
ကျောက်သမားတွေလုပ်ငန်းလိုင်စင်လုပ်ဖို့ အသိပေးကြေညာချက်ကို ဇူလိုင်လတတိယပတ်အတွင်းက မဟာအောင်မြေကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းအတွင်းမှာကြော်ငြာလာကပ်ထားတာလို့ သိရပါတယ်။


“ဝိုင်းထဲမှာစာလာကပ်ထားတာ ပြီးခဲ့တဲ့အပတ်ထဲကပါ။အရင်ကတော့ ကျောက်မျက်ရောင်းဝယ်ရေးလုပ်ငန်းလိုင်စင်ကို ကုမ္ပဏီတွေပဲလုပ်ရတာပါ။အခုလုပ်ရမယ့် လိုင်စင်ကျောက်အရောင်းအဝယ်လုပ်တဲ့ ဝယ်ရောင်းတွေရော၊ပွဲစားတွေပါ ကား/ဆိုင်ကယ်လိုင်စင်တွေလိုပဲ ကျောက်လုပ်တဲ့လိုင်စင်လုပ်ရမှာ တဲ့´´လို့ မြို့ခံကျောက်ပွဲစားတစ်ဦးက ပြောပါတယ်။
လိုင်စင်လျှောက်ထားတာတွေက မန္တလေးကျောက်မျက်အသင်းမှာ သွားလုပ်ရမှာ ဖြစ်ပြီး ကျောက်မျက်ရတနာအရိုင်းကိုဖြစ်စေ၊ကျောက်မျက်ရတနာအချောထည် ကိုဖြစ်စေ၊ လက်ဝတ်ရတနာကိုဖြစ်စေ၊ ကျောက်မျက်ရတနာဖြင့် ပြုလုပ်သော ပစ္စည်းကိုဖြစ်စေ ရောင်းဝယ်ခြင်း လုပ်ငန်းနဲ့ ကျောက်မျက်ရတနာအရိုင်းကို ကျောက်မျက်ရတနာအချောထည် ပြုလုပ်ခြင်းလုပ်ငန်းကို လုပ်ကိုင်သူအားလုံးက လိုင်စင်လုပ်ကြရမှာဖြစ်ပြီးလိုင်စင်ကြေးအနေနဲ့ကတော့ ဆိုင်ခန်းဖွင့်သူတွေအနေနဲ့ တစ်နှစ်ကို ငါးသောင်းကျပ်၊ကျောက်အရောင်းအဝယ်ပြုလုပ်သူတေအနေန့ တစ်နှစ်ကို ကျပ်သုံးသောင်း၊ ကျောက်မျက်ရတနာအချောထည်နဲ့ ရုပ်ထုရုပ်ထွင်းပြုလုပ်သူတွေအနေနဲ့ တစ်နှစ်ကိုကျပ်သုံးသောင်းသတ်မှတ်ထားတယ်လို့ သိရပါတယ်။
လုပ်ငန်းလိုင်စင်မရှိ ကျောက်အရောင်းအဝယ်ပြုလုပ်တွေကို မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၅၁အရ ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး တစ်နှစ်မှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။