မှန်ကျေးရွာ ရွာလုံးကျွတ်နီးပါးမီးလောင်မှုမှာ အိမ်ခြေ ၁၆၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတဲ့အပြင် လေဖြတ်နေသူ အမျိုးသမီးကြီးတစ်ဦး သေဆုံးခဲ့
မီးလောင်နေတဲ့ မြင်ကွင်းကို တွေ့ရပုံ
Photo Credit: CJ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ မှန်ကျေးရွာမှာ မတ်လ၂၂ရက်ညနေ ၃နာရီ၁၅မိနစ်က တောမီးလောင်ရာကနေ မှန်ကျေးရွာကို မီးကူးစက်ခဲ့တာကြောင့် ရွာလုံးကျွတ်နီးပါး မီးလောင်ဆုံးရှံးသွားခဲ့ရတဲ့အပြင် လေဖြတ်နေသူအမျိုးသမီးကြီးတစ်ဦးလည်း သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မှန်ကျေးရွာကို ကူးစက်ခဲ့တောမီးဟာ ကျေးရွာအနီးက တောင်ကြောမှာ မတ်လ၂၂ရက်နေ့မနက်၁၁နာရီအချိန်ကတည်းက စတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။
မှန်ကျေးရွာဟာ အိမ်ခြေ၁၈၀ကျော်ရှိပြီး ရခိုင်ရိုးမအစပ်မှာ ရှိတဲ့ကျေးရွာကြီးတစ်ရွာလည်း ဖြစ်ပါတယ်။
မှန်ကျေးရွာအနီးက တောမီးဟာ မှန်ကျေးရွာကို ကူးစက်လောင်ကျွမ်းခဲ့တဲ့အပြင် မင်းလှမြို့နယ်၊ သရက် -မင်းလှကားလမ်း၊ မိုင်တိုင်အမှတ်(၃၁)နဲ့ (၃၂)ကြားက အသုပ်ဆိုင်(၁)ဆိုင်နဲွယာဉ်(၁)စီးကို မီးကူးစက်လောင်ကျွမ်းခဲ့တယ်လို့ သိရပါတယ်။




