မာရာဗာတီယို၊ ဖေဖေါ်ဝါရီ ၂၇
မက္ကဆီကိုနိုင်ငံအလယ်ပိုင်းက မာရာဗာတီယိုမြို့ မြို့တော်ဝန်ရာထူးအတွက် အရွေးခံမယ့် ကိုယ်စားလှယ်လောင်းနှစ်ယောက်စလုံး ဖေဖေါ်ဝါရီ ၂၇ရက်နေ့က မာရာဗာတီယိုမြို့မှာပဲ နာရီပိုင်းသာခြားပြီး လုပ်ကြံသတ်ဖြတ်ခံခဲ့ရတယ်လို့ မီချိုရာကန်ပြည်နယ် အစိုးရရှေ့နေရုံးက ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ကွန်ဆာဗေးတစ် National Action Party (PAN) ပါတီက အာမန်ဒို ပီရက်စ်နဲ့ အာဏာရလက်ဝဲယိမ်းပါတီ Morena က မီဂွဲ အိန်ဟဲ ရေးရက်စ် တို့ နှစ်ယောက်လုံး သူတိုရဲ့ ကားတွေပေါ်မှာ သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ခဲ့တယ်လို့ အစိုးရရှေ့နေက သီးခြားထုတ်ပြန်ချက်နှစ်ခုမှာ ဖေါ်ပြခဲ့ပါတယ်။
ပီရက်ဇ်ကို တနင်္လာနေ့ညနေပိုင်းအထိတွေ့ခဲ့ရပြီး ရေးရက်စ်ကိုတော့ သူဆရာဝန်အဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဆေးရုံနားမှာ မသေဆုံးမီ နာရီပိုင်းအလိုလောက်က တွေ့ခဲ့ရသေးတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ကိုယ်စားလှယ်လောင်း နှစ်ယောက်စလုံးဟာ လာမယ့် ဇွန်လ ၂ ရက်မြို့တော်ဝန် ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ စီစဉ်ထားသူတွေ လည်း ဖြစ်ပါတယ်။
မက္ကဆီကိုသမ္မတ အန်းဒရက် မာနူအယ် လိုပက်စ်က ဖေဖေါ်ဝါရီ ၂၇ရက် အင်္ဂါနေ့ နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ သတ် ဖြတ်မှုဟာ ဆိုးရွားကြောင်း ပြောဆို ခဲ့တယ်လို့ သိရပါတယ်။
မက္ကဆီကိုမှာ ရွေးကောက်ပွဲ ရာသီဝန်းကျင်ကာလရောက်တိုင်း နိုင်ငံရေး အကြမ်းဖက်မှုတွေမကြာခဏ မြင့်တက်လေ့ရှိပြီး အခုနှစ်ဟာ ပြီးခဲ့တဲ့ ခြောက်နှစ်တာ ထဲမှာ အကြမ်းဆုံး ဖြစ်တယ်လို့ လေ့လာသုံးသပ် သူတွေက CNN ကို ပြောဆိုခဲ့ကြတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ပစ်ခတ်မှုဖြစ်ခဲ့တဲ့နေရာမှာ လုံခြုံရေးယူထားပုံ
Feature Image Credit: Fernando Llano/AP



