မက္ကဆီကိုနိုင်ငံရဲ့ ရှေ့နေချုပ်ဟောင်း ၂၀၁၄ခုနှစ်က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့  ပတ်သက်တဲ့ စွဲချက်များစွာ တင်ပြီး ဖမ်းဆီးခံရ

ပျောက်ဆုံးနေဆဲ ကျောင်းသား၄၃ယောက် ပုံတွေ ကိုင်ပြီး ဆန္ဒဖော်ထုတ်တောင်းဆိုနေပုံ

မက္ကဆီကို၊ ဩဂုတ် ၂၃

မက္ကဆီကိုနိုင်ငံရဲ့ ရှေ့နေချုပ်ဟောင်း ဖြစ်သူကို လွန်ခဲ့တဲ့ ရှစ်နှစ်နီးပါးလောက်က ကျောင်းသား ၄၃ ဦး ပျောက်ဆုံးမှုနဲ့ ဆက်စပ်နေတဲ့ စွဲချက်တွေ တင်ပြီး ပြီးခဲ့တဲ့ သောကြာနေ့ ၂၀၂၂  ဩဂုတ် ၁၉ရက်နေ့က တွင် ဖမ်းဆီးခံလိုက်တယ်လို့ သိရပါတယ်။

ရှေ့နေချုပ်ဟောင်း ဟေးဆပ် မာရီယို ကာရန် ကို  “လူပျောက်ဆုံးမှု၊ ညှဉ်းပန်းနှိပ်စက်မှု အပါအဝင် တရားမျှတမှု နဲ့အုပ်ချုပ်ရေးကို ဆန့်ကျင်စေတဲ့ ရာဇ၀တ်မှုများ” မှာ သံသယရှိသူအဖြစ် သတ်မှတ်ကြောင်း အစိုးရရှေ့နေရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မာရီယို ကာရန် အနေနဲ့လည်း  ဖမ်းဆီးတာကို မငြင်းဆန်ခဲ့ဘူးလို ဆိုပါတယ်။

ရှာဖွေ ဖော်ထုတ်ချက်တွေအရ ထောင်ပေါင်းများစွာသော စာရွက်စာတမ်းတွေ၊ စာတိုပေးပို့မှုတွေ၊ ဖုန်းမှတ်တမ်းတွေနဲ့ သက်သေခံချက်အများအပြား အပြင် အခြားသော အထောက်အထားတွေကို  အခြေခံပြီး ရေးထားတဲ့ အစီရင်ခံစာမှာတော့ ကျောင်းသားတွေ ပျောက်ဆုံးမှုဟာ “နိုင်ငံတော်ရဲ့ ရာဇ၀တ်မှု”  မြောက်တယ်လို့ အစိုးရ အမှန်တရားကော်မရှင်က ပြောကြားပြီးနောက်ထပ် တစ်ရက်အကြာမှာတော့ သူ့ကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဖြစ်စဥ်က  ၂၀၁၄ခုနှစ် စက်တင်ဘာလမှာ  အာရွတ်ဇင်နာပါ မှာရှိတဲ့ ဆရာအတတ်သင်ကောလိပ်တစ်ခုက ကျောင်းသားတွေဟာ နိုင်ငံအနောက်တောင်ပိုင်း အီဂွါလာမြို့ကို အလည်အပတ်လာရောက်ချိန် လမ်းခုလပ်မှာ  ကျောင်းသားတွေစီးလာတဲ့ ဘတ်စ်ကားကို ဒေသဆိုင်ရာရဲတပ်ဖွဲ့နဲ့ ဖက်ဒရယ်စစ်တပ်တို့က ကြားဖြတ်တားဆီးခဲ့တယ်လို့ သိရပါတယ်။

 ဒီနောက်မှာတော့ ကျောင်းသားတွေဟာ ပျောက်ဆုံးသွားခဲ့ပါတယ်။ အဆက်အသွယ်လည်း မရတော့တာမို့ ဘာတွေဖြစ်ပျက်သွားတယ်ဆိုတာကို အတိအကျ မသိခဲ့ရပါဘူး။ မကြာခင်မှာပဲ  ပြတင်းပေါက်တွေကွဲပြီး သွေးစွန်းနေတဲ့ ဘတ်စ်ကားတွေကို ရှာဖွေတွေ့ခဲ့ကြပါတယ်။ ဆက်လက်စုံစမ်းမှုတွေ လုပ်ပြီးတဲ့အခါမှာတော့ အသက်ရှင်ကျန်နေတဲ့ ကျောင်းသားတွေရဲ့ ထွက်ဆိုချက်တွေအရ  သူတို့ရဲ့ ဘတ်စ်ကားတွေကို လက်နက်ကိုင်ရဲအရာရှိတွေနဲ့ စစ်သားတွေက ရပ်ခိုင်းခဲ့ပြီး ရုတ်တ ရက် ပစ်ခတ်ခဲ့ကြတာလို့ဆိုပါတယ်။ ကျောင်းသားတစ်ချို့ကတော့ အသက်ဘေးက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ ကျန်တဲ့ကျောင်းသား၄၃ယောက်ကတော့ ဒီနေ့တိုင် အစရှာမရအောင် ပျောက်ဆုံးနေဆဲလည်း ဖြစ်ပါတယ်။

အဲ့ဒီအချိန်က တာဝန်ရှိတဲ့ စုံစမ်းရေးကော်မရှင်က ပျောက်ဆုံးမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသားတွေကို “မက္ကဆီကို ပြည်နယ်ကးမှာ ရှိတဲ့ Guerreros Unidos ရာဇ၀တ်ဂိုဏ်းက အေးဂျင့်တွေ” လို ခေါင်းစဥ်တပ်ခဲ့ပါတယ်။

ပျောက်ဆုံးနေတဲ့ ကျောင်းသားတွေကိစ္စဟာ နိုင်ငံတကာရဲ့ ဒေါသကို ပေါက်ကွဲစေပြီး  အဲဒိအချိန်က တာဝန်ယူနေတဲသမ္မတ  အိန်နရီကေး ပေးညှာ နီယေးတို ကိုလည်း အမှု့စုံစမ်းစစ်ဆေးရာမှာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ဝိုင်းကာ ဝေဖန်ခံခဲ့ရပါတယ်။

အဆိုပါဖြစ်ရပ်တွေ ဖြစ်နေတဲ့အချိန်မှာ မူရီယို ကာလန်ဟာ ရှေ့နေချုပ်ရုံးကို တာဝန်ယူကာ ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ခဲ့ပါတယ်။

ကော်မရှင်ရဲ့ အစီရင်ခံစာမှာလည်း ဒေသဆိုင်ရာနဲ့ ပြည်ထောင်စု အစိုးရရုံးတွေရဲ့ လုပ်ဆောင်ခဲ့တဲ့  အဆင့်များစွာ ဖုံးကွယ်ဖော်ပြထားတာကို ဖော်ထုတ်သိရှိခဲ့ရပါတယ်။အာဏာပိုင်တွေက အဖြစ်မှန်တွေကို ဖုံးကွယ်ထားတဲ့အထဲမှာ  အာဏာပိုင်တွေနဲ့  လူဆိုးဂိုဏ်းတွေကြား ဆက်စပ်မှုတွေကိုပါ ဖုံးကွယ်ထားကြောင်း စုံစမ်းစစ်ဆေးချက်တွေက ဆိုပါတယ်။

ပျောက်ဆုံးကျောင်းသားတွေက သုံးယောက်ရဲ့ ရုပ်အလောင်းကိုသာ တူးဖော်ရှိခဲ့ပြီး ကျန်သူတွေကတော့ အစဖျောက်လိုက်တာ ခံခဲ့ရပါတယ်။

အခုတော့ ဒီအမှုနဲ့ပတ်သက်သမျှကို ဆက်လက်ဖော်ထုတ်နေရာက ယခင် ရှေ့နေချုပ်ကိုတော့ ဖမ်းဆီးစွဲချက်တင်လိုက်နိုင်ပြီဖြစ်ပေမယ့် ကျန်တဲ့ အမှု ကွင်းဆက်တွေကို ဆက်လက်ဖော်ထုတ်နေကြဆဲလို့ သိရကြောင်းပါ။

Ref:CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *