ဘော်လတီမိုး၊ မတ် ၂၇
နိုင်ငံရဲ့ ဆယ်စုနှစ်များစွာထဲမှာ အဆိုးရွားဆုံး တံတားပြိုကျမှုရဲ့ အဓိကတရားခံက စင်္ကာပူနိုင်ငံ အလံလွှင့်တင်ထားတဲ့ ကုန်တင်သင်္ဘောဖြစ်ပြီး ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။
ဘောလ်တီမိုးဆိပ်ကမ်းမှာ မတ် ၂၆ ရက် အစောပိုင်းက အရွယ်ကြီးမားတဲ့ ကုန်တင်သင်္ဘောတစ်စင်းဟာ တံတားရဲ့ အဓိကကျတဲ့ ဒေါက်တိုင်ကို တည့်တည့် ဝင်တိုက်မိခဲ့ရာက တံတားတစ်ခုလုံး လျှပ်စစ်ဓါတ်အားပြတ်တောက်သွားသလို ၁ဒသမ၆မိုင်ရှည်တဲ့ တံတားကြီးလည်း ခါးလည်ကနေ ကျိုးကျခဲ့ရပါတယ်။ ဒီသင်္ဘောကြီးက သီရိလင်္ကာနိုင်ငံကို သွားဖို့ ဆိပ်ကမ်းက ထွက်လာတာ ဖြစ်ပြီး သူ့နာမည်က ဒါလီ လို့ ဆိုပါတယ်။
တံတားပြိုကျမှုမှာ အလုပ်သမား ခြောက်ယောက် ပျောက်ဆုံးနေပြီး လက်ရှိမှာလည်း အမေရိကန်မှာ အလုပ်အများဆုံး ဆိပ်ကမ်းတစ်ခုကို ပိတ်ထားလိုက်ရပြီလို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ မတ်လ ၂၇ရက်မှာတော့ အမေရိကန်ကမ်းခြေစောင့်တပ်နဲ့ မေရီလန်းပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ရေရဲ့ အအေးဓါတ်နဲ့ တံတားပေါ်က ကျသွားတဲ့ အချိန် တွေအရ ပျောက်နေတဲ့သူ ခြောက်ယောက်ကို အသက်ရှင်လျက် ရှာတွေ့ဖို့ အခွင့်အလမ်း နည်းသွားပြီလို့ ဆိုပါတယ်။
ဒီနေ့အချိန်အထိ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပြီး ၁၈ နာရီအကြာမှာတော့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို ရပ်ဆိုင်းထားလိုက်ပြီလို့ အာဏာပိုင်တွေက ပြောဆိုခဲ့ပါတယ်။
အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး ပီတီ ဘတ်တီဂီယက်က နိုင်ငံရဲ့ အလုပ်အများဆုံး သင်္ဘောလမ်းကြောင်း တစ်ခုကို ပိတ်လိုက်ရလို့ ထောက်ပံ့ရေးကွင်းဆက်အပေါ် အချိန်ကြာကြာ သက်ရောက်မှုရှိနိုင်တယ်လို့ ပြောပါတယ်။
ဘော်လတီမိုးဆိပ်ကမ်းဟာ အခြား အမေရိကန် ဆိပ်ကမ်းတွေထက် မော်တော်ယာဉ်တွေ၊ ကုန်စည်တွေ ပို့ဆောင်မှု အဆပေါင်းများစွာ ပိုများကြောင်းလည်း သိရပါတယ်။
Ref: Reuters
ပုံစာ။ တံတားကို ဝင်တိုက်လိုက်အပြီး မြင်ကွင်း
Feature Image credit: AP



