ဘေကျင်းခရီးစဥ်ကို အောက်တိုဘာလကတည်းက သွားခဲ့တဲ့ ဟောင်ကောင်အကြီးတန်းသတင်းထောက် ဒီနေ့အထိ ပြန် ရောက်မလာလို့ စိုးရိမ်နေ

ဟောင်ကောင်၊ ဒီဇင်ဘာ၂

၂၀၂၃ခုနှစ် အောက်တိုဘာလနှောင်းပိုင်းက ဘေကျင်းမှာ ကျင်းပခဲ့တဲ့ပွဲကို တက်ဖို့ သွားခဲ့တဲ့  ဟောင်ကောင်က South China Morning Post ရဲ့ အကြီးတန်းသတင်းထောက်တစ်ယောက် ပွဲပြီးကတည်းက ဒီနေ့အထိ အဆက်အသွယ် မရ သေးလို့ သူ့ရဲ့  လုံခြုံရေးကို အရမ်းစိုးရိမ်နေတယ်လို့  ဟောင်ကောင်သတင်းထောက်များ အသင်းက ဒီဇင်ဘာ ၁ရက် သောကြာနေ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။

အကြီးတန်း သတင်းထောက် မင်နီ ချန်း   ဟာ အောက်တိုဘာလနှောင်းပိုင်းမှာ ကျင်းပခဲ့တဲ့  တရုတ်ကာကွယ်ရေးဖိုရမ်မှာ တက်ဖို့  ဟောင်ကောင်ကနေ ဘေကျင်းကို ခရီးထွက်ခွါသွားတာလို့  သူနဲ့ နီးစပ်တဲ့ မိတ်ဆွေ နှစ်ယောက်ရဲ့ ပြောဆိုချက်အရ သိရတာ ဖြစ်ပါတယ်။

ချန်းရဲ့ လုပ်ဖော်ကိုင်ဖက်တွေ  အပါအဝင် SCMPက  လုပ်ဖော်ကိုင်ဖက်တွေနဲ့  ရင်းနှီးတဲ့ အရင်းမြစ် လေးခုကလည်း  ဖိုရမ်ကျင်းပတဲ့ နေ့ကစပြီး သူ့ ကို ဆက်သွယ်လို့ မရတော့တဲ့အကြောင်း ပြောကြပါတယ်။ ပြောဆိုခဲ့တဲ့ သတင်းရင်း မြစ်တွေကိုတော့  ထိလွယ်ရှလွယ်တဲ့ အခြေအနေကြောင့်  အမည်ဖော်ပြဖို့ မဖြစ်နိုင်ဘူးလို့လည်း သိရပါတယ်။

ချန်းရဲ့ မိသားစုကတော့ ချန်းတစ်ယောက် ဘေကျင်းမှာပဲရှိနေတယ်လို့ ပြောဆိုခဲ့ပေမယ့် ဒီကိစ္စကို ကိုင်တွယ်ဖို့ အချိန်လို နေသေးတယ်လို့ သတင်းထောက်အဖွဲက ပြောပါတယ်။

SCMP သတင်းစာကတော့  “သူတို့ရဲ့ ပရော်ဖက်ရှင်နယ်အလုပ်မှာ သတင်းထောက်တွေရဲ့ ဘေးကင်းရေးက အရေးကြီးဆုံး ပဲ” ၊ “မင်နီရဲ့ မိသားစုနဲ့  ဆက်သွယ်ပြီး သူတို့လိုအပ်တဲ့ အထောက်အပံ့တွေ အားလုံးကို ပံ့ပိုးပေးလိမ့်မယ်” လို့ ပြောပါတယ်။

ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ဟောင်ကောင် လုံခြုံရေး ဗျူရိုက ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။

SCMP သတင်းစာကို တရုတ်နည်းပညာကုမ္ပဏီ Alibaba Group က ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။။

ရိုက်တာ သတင်းကတော့ ချန်းရဲ့ လက်ရှိ ရှိနေတဲ့နေရာကို  မဆုံးဖြတ်နိုင်သေးဘူးလို့ ဆိုပါတယ်။ ဖုန်းခေါ်တာတွေအပြင် WeChat နဲ့ WhatsApp မက်ဆေ့ဂျ်တွေကနေဆက်သွယ်ပေမယ့်လည်း ချန်းနဲ့ ဆက်သွယ်လို့ မရဘူးလို့ လည်း ပြောပါ တယ်။

ဖိုရမ်အတွက် ချန်းနဲ့ အတူ ဘေဂျင်းကို  ခရီးထွက်ခဲ့တဲ့ သတင်းထောက်တစ်ယောက်ကတော့ ပွဲအပြီးမှာ ဟောင်ကောင်ကို  ပြန်လည်ရောက်လာပြီး ဆောင်းပါးတွေ ရေးခဲ့သေးတယ်လို့လည်း  သတင်းရင်းမြစ်တစ်ခုကနေ သိရပါတယ်။

အောက်တိုဘာမှာ ကျင်းပခဲ့တဲ့ ဖိုရမ်ဟာ တရုတ်နိုင်ငံရဲ့ အကြီးကျယ်ဆုံး နှစ်ပတ်လည် စစ်ရေး သံတမန်ရေးရာ ပွဲဖြစ်ပြီး  ကာကွယ်ရေးဝန်ကြီးဟောင်း Li Shangfu ကို ထုတ်ပစ်လိုက်ပြီးတဲ့နောက်  ဘေကျင်းအတွက် အရမ်းကို အကဲဆတ်လွန်း တဲ့ အချိန်မှာ   ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။

Ref: Reuters

ပုံစာဘေကျင်းက တီရန်နန်မင်ရင်ပြင်

Feature Image Credit: REUTERS/Carlos Garcia Rawlins

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *