ဘဝနတ်ထံ ပျံလွန်တော်မူခဲ့သော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအား ရည်စူး၍ ဂျပန်နိုင်ငံ၊ ကိုဘေးမြို့က ဘုရားကျောင်းတွင် ဝတ်ပြုဆုတောင်းပွဲ ကျင်းပခဲ့ကြောင်း ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံးက ယနေ့ ဇွန်လ ၉ ရက်တွင် ထုတ်ပြန်လိုက်သည်။


၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးအတွက် အောက်မေ့ဘွယ် အထိမ်းအမှတ် ဝတ်ပြုဆုတောင်းပွဲကို ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်းတွင် ဇွန်လ ၄ ရက်က ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။


Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်းတွင် Buddhist Summit ၏ ဒုတိယဥက္ကဌ ဆရာတော် Most Ven. Dr. Shinkai Kori ဦးဆောင်၍ ဆရာတော်များမှ တရားဓမ္မများ ရွတ်ဖတ်ပူဇော်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများကို ပြုလုပ်ခဲ့ကြကြောင်းလည်း သိရသည်။


နိုင်ငံတော်သံဃာ့ မဟာနာယကအဖွဲ့ ဥက္ကဌ အဘိဓဇမဟာရဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မ ဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ ဗန်းမော်ဆရာတော်ဘုရားကြီးသည် ဂျပန်နိုင်ငံ၊ ကိုဘေးမြို့ Buddhist Summit Headquarters ၏ Sampozan Muryojuji ဘုရားကျောင်း တွင် ၂၀၁၄ ခုနှစ်အတွင်းက ကျင်းပပြုလုပ်ခဲ့သည့် (၆) ကြိမ်မြောက် Buddhist Summit အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။


