
photo Credit: AP
ဆော်ပေါ်လို(ဘရာဇီး)၊ ဒီဇင်ဘာ ၂၉
ကမ္ဘာ့ဖလား ၃ ကြိမ် ဆွတ်ခူးနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ဘောလုံးသမား လည်းဖြစ် ဘောလုံးအားကစားရဲ့ ပထမဆုံး ကမ္ဘာလုံးဆိုင်ရာ အိုင်ကွန်လည်းဖြစ်ခဲ့တဲ့ ဘရာဇီးလ် ဘောလုံး ဂန္တဝင်ကစားသမား ပီလီ( နာမည်ရင်း အက်ဒ်ဆင် အာရန်းတေ့စ် ဒို နာစီမန်းတို)တစ်ယောက် အသက် ၈၂ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ပီလီတစ်ယောက် ပြီးခဲ့တဲ့ နိုဝင်ဘာလနှောင်းပိုင်းကစ ဆော်ပေါ်လိုမြို့က ဆေးရုံတစ်ရုံမှာ အသက်ရှု လမ်း ကြောင်းဆိုင်ရာ ကူးစက်ရောဂါအပါအဝင် အူမကြီးကင်ဆာနဲ့ဆက်စပ်တဲ့ နောက်ဆက်တွဲပြဿနာတွေအတွက် ကုသမှုခံယူနေခဲ့တာလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ် အရောက်မှာတော့ ကင်ဆာရောဂါရဲ့ အခြေအနေက တိုးလာပြီး ကျန်းမာရေး အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ အခုတော့ အဲလ်ဘတ်အိုင်းစတိုင်း ဆေးရုံရဲ့ တရားဝင် ထုတ်ပြန်ချက်အရ အူမကြီးကင်ဆာနဲ့ပဲ ၂၀၂၂ ဒီဇင်ဘာ ၂၉ရက် ကြာသပတေးနေ့မှာ ကွယ်လွန်ခဲ့ပြီလို့ သိရပါတယ်။
နှစ်ပေါင်း၆၀ ကျော်ကြာ ပီလီ ဆိုတဲ့နာမည်နဲ့ ဘောလုံးဆိုတဲ့အရာက ခွဲခြားလို့ မရခဲ့ပါဘူး။ ပီလီဟာ ကမ္ဘာ့ဖလား လေးကြိမ် ကစားခဲ့ပြီး သမိုင်းတစ်လျှောက် သုံး ကြိမ် ဗိုလ်စွဲပြီးအနိုင်ရခဲ့တဲ့ တစ်ဦးတည်းသော ကစားသမားဖြစ်ခဲ့ ပါတယ်။

Photo Credit: GETTY IMAGES
“ကျွန်တော်က ဘောလုံးကစားဖို့ မွေးဖွားလာတယ်၊ ဘီသိုဗင် က သီချင်းရေးဖို့ မွေးဖွားလာသလို မိုက်ကယ် အိန်ဂျလို က ပန်းချီပန်းပု ဖန်တီးဖို့ မွေးဖွားလာခဲ့တာ” လို့ ပီလီက ပြောပါတယ်။
ဘရာဇီးလ်ဘောလုံးသမား နေမာက ပီလီဟာ “အရာရာကို ပြောင်းလဲခဲ့တယ်” ဆိုပြီး ပြောပါတယ်။ သူ့ရဲ့အင်စတာဂရမ် ပို့စ်တစ်ခုမှာတော့ နေမာက “ ပီလီဟာ ဘောလုံးကို အနုပညာအဖြစ်၊ ဖျော်ဖြေမှုအဖြစ်ပြောင်းလဲခဲ့တယ်.. ဆင်းရဲနွမ်းပါးသူတွေ၊ လူမည်းတွေနဲ့ အထူးသဖြင့် ဘရာဇီးလ်ကိုပိုပြီး ထင်သာ မြင်သာအောင် လုပ်ခဲ့တယ်။ ဘောလုံးနဲ့ ဘရာဇီး အတွက် ဘောလုံးဘုရင်ကြီးကို ကျေးဇူးတင်တယ်။” ဆိုပြီး ရေးခဲ့ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ ထာဝရဘုရင် ပီလီ ကို “နှုတ်ဆက်လိုက်ရုံပါပဲ” လို့ ဆိုပြီး သူ့ရဲ့ ဝမ်းနည်းကြောင်းကို အင်စတာဂရမ် မှာ တင်ထားပြီး “လက်ရှိဘောလုံးလောကတစ်ခုလုံးကို လွှမ်းခြုံထားတဲ့ နာကျင်မှုကို ဖော်ပြဖို့ ဘယ်တော့မှ မလုံလောက်ပါဘူး” လို့လည်း ရေးထားပါတယ်။
ပီအက်စ်ဂျီ က လူငယ်ကစားသမာ မက်ဘီက လည်း “ဘောလုံးဘုရင်က ငါတို့ကို ထားခဲ့ပေမယ့် သူ့ရဲ့အမွေကိုတော့ ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး” လို့ ဆိုပါတယ်။
ဘရာဇီးသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒီ ဆီလ်ဗာက လည်း ပီလီ့ကိုအလေးအမြတ်ပြုဖို့ သူ့ရဲ့ တွစ်တာမှာရေးသားခဲ့ပါတယ်။
တနင်္လာနေ့မနက်မှာတော့ ပီလီ့ ရုပ်အလောင်းကို အဲ့လဘတ် အိုင်စတိုင်း ဆေးရုံကနေ အာဗာနို ကလာဒေအီရာ အားကစားကွင်းကိုပြောင်းရွှေ့ပြီး ကွင်းလယ်မှာထားရှိမှာ ဖြစ်ပါတယ်။ နောက်ရက်မှာတော့ ဆန်းတို့စ်မှာရှိတဲ့ မန်မိုရီရယ် နေခရိုပိုလီ အီကန်မေနီကာ သင်္ချိုင်း မှာ ပီလီ့ကို ထာဝရ အိပ်စက်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
Ref: CNN

Photo Credit: ALLSPORT