အစ္စတန်ဘူလ်၊ စက်တင်ဘာ ၇
တူရကီနိုင်ငံ အရှေ့ပိုင်း အာဇူရမ်မှာ သောကြာနေ့ (စက်တင်ဘာ ၆ ရက်)က အိန္ဒိယနိုင်ငံ Vistara လေကြောင်းလိုင်းက လေယာဉ်ကို ဗုံးခွဲမယ် ဆိုပြီး ခြိမ်းခြောက်ခံခဲ့ရလို့ ခရီးစဉ်တွေ ရပ်ထားလိုက်ရတယ်လို့ သိရပါတယ်။
သက်ဆိုင်ရာက စုံစမ်းစစ်ဆေးတာတွေ လုပ်အပြီးမှာတော့ ဒီခြိမ်းခြောက်မှုက အခြေအမြစ်မရှိဘူးလို့ ပြောပါတယ်။
လေယာဉ်ပေါ်မှာ “ဗုံး”ဆိုတဲံ စာသားပါတဲ့ စာရွက်တစ်ရွက်ကို လေယာဉ်ပေါ်က သန့်စင်ခန်းထဲမှာ တွေ့ခဲ့အပြီး ဗုံးရှင်းလင်းရေးအဖွဲ့တွေက လေယာဉ်ကို ရှာဖွေကာ ခရီးသည် ၂၃၄ ယောက်နဲ့ လေယာဉ်အမှုထမ်း ၁၃ယောက်တို့ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့တယ်လို့ တူရကီအရာရှိတွေက ပြောဆိုခဲ့ပါတယ်။
မွန်ဘိုင်းကနေ ဂျာမနီနိုင်ငံ ဖရန့်ဖတ်ကို ဦးတည် ပျံသန်းနေတဲ့ UK27 လေယာဉ်လည်း လုံခြုံရေးစိုးရိမ်မှုကြောင့် လမ်းကြောင်းပြောင်းခဲ့ရတယ်လို့ Vistara ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“ညနေ ၂၃:၃၀ နာရီမှာ ရှာဖွေရေးနဲ့ စစ်ဆေးရေး လုပ်ငန်းအားလုံးကို ပြီးမြောက်ခဲ့ပါတယ်။ ကျွန်တော်တို့ ဆောင်ရွက်ခဲ့တဲ့ ရလဒ်အရ ဗုံးခြိမ်းခြောက်မှုဟာ အခြေအမြစ်မရှိတာကို တွေ့ရှိခဲ့ပါတယ်” လို့ အာဇူရမ် အုပ်ချုပ်ရေးမှူး မူစတာဖာ က လေဆိပ်မှာ သတင်းထောက်တွေကို ပြောပါတယ်။ သူကပဲ
“ကျွန်တော်တို့ပြည်နယ် လေဆိပ်က လေယာဉ်တွေ အားလုံး အဆင်ပြေပြေ ပျံသန်းနိုင်ပါပြီ” ဆိုပြီးလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ခြိမ်းခြောက်ခံရတဲ့ လေယာဉ်ပေါ်က ခရီးသည်တွေကို တွေ့ရပုံ
Feature Image Credit: AP



