ဖျောက်ဖျက်စီရင်ခြင်းခံရသော ကုန်းဘောင်မင်းညီမင်းသားများအတွက် ယနေ့အမျှပေးဝေ

၇ မတ်၊၂၀၂၄

၁၂၄၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၈၊ ၁၁ နှင့် ၁၂ ရက်နေ့များက မန္တလေးနန်းတွင်း ထဲ ဖျောက်ဖျက်စီရင်ခြင်းခံရသော မင်းညီမင်းသား ၄၀ ကျော် နှင့် ဆွေတော်မျိုးတော်များအတွက် ကုသိုလ်အမျှပေးဝေခြင်းအား ယနေ့ နံနက်ပိုင်းက မြေနီကျင်းကျောင်းတိုက် သတိပဋ္ဌာန်သာသနာ့ရိပ်သာ တွင် ကျင်းပခဲ့ကြသည်ဟု သိရသည်။

သေအံမူးမူး နှင့် နတ်ရွာလားခါနီး မင်းတုန်းမင်းကြီးက သားတော်များအား တွေ့လိုဇော ဖြင့် အခေါ်တော်ရှိသည်ဟု လိမ်လည်လှည့်ဖြား၍ မင်းညီမင်းသားများအား စုရုံးစေပြီး ဆင်ဖြူမရှင်မိဖုရားကြီးက သူ၏ ခါးပိုက်ဆောင်တပ်ဖြင့်ဖမ်းဆီးချုပ်နှောင်စေကာ နန်းတွင်းထောင်သို့ပို့ဆောင်စေပြီးနောက် ၁၂၄၀ပြည့်နှစ် တပို့တွဲလပြည့်ကျော် ၈၊ ၁၁ နှင့် ၁၂ ရက်နေ့များတွင်

မန္တလေး နန်းတွင်း ကြေးတိုက်၌ မက္ခရာမင်းသားကြီး နှင့် သုံးဆယ်မင်းသားကြီးအပါအဝင် မင်းညီမင်းသားအပါး(၄၀)ကျော်နှင့် မင်းဆွေမင်းမျိုးများအား စီရက်ဖျောက်ဖျက်ခဲ့ကြသည်။ထို ဖျောက်ဖျက်ခံရသူများအား ယနေ့တွင် ကျန်ရစ်သူ ကုန်းဘောင်ဆက်မောင်နှမများက ဆွမ်းကပ်အမျှဝေကြခြင်းဖြစ်သည်။

ကုန်းဘောင်မင်းဆက်ကို အကျည်းတန်စေခဲ့သည့် လုပ်ရပ်တစ်ခုဖြစ်သော ယင်းစီရင်ဖျောက်ဖျက်ခဲ့သည့် ဖြစ်ရပ်တွင် သုတ်သင်ကွပ်မြက်ခြင်း ခံရသူများမှာ ခွန်နှစ်ရွှာ တိုက်စား မိဖုရား သားတော်သုံးဆယ်မင်းသား၊ ပင်လယ်မင်းသား၊ ပင်းယမင်းသား၊ မြောက်ဆောင်တော်မိဖုရား သားတော်မက္ခရာမင်းသား၊မဘိမ်းမင်းသား၏ ကြင်ယာတော် ကန္နီမင်းသမီး၊ ညောင်ရမ်းမင်းသား၏ ကြင်ယာတော် မဘဲမြို့စားမင်းသမီး၊ ရနောင်မင်းသား နှင့် ကြင်ယာတော် ကြံညှပ်မင်းသမီး၊ ရွှေကူမင်းသား နှင့် ကြင်ယာတော် ဆင်ရှင်မင်းသမီး၊လင်ပန်းတိုက်စား မိဖုရား၊ သက်ပန်းမိဖုရား၊ မိုးလိူင်းမင်းသား၊ တောင်ညိုမင်းသား ကုက္ကိုလှ၊ တိုက်စားမိဖုရား၊ သားတော် ကသာမင်းသား၊ ပထမ မြောက်ဆောင်တော်မိဖုရား၊ ရေပွဲတိုက်စား မိဖုရား၊ သားတော်ဝန်းသိုမင်းသား၊ ထိးလိူင်တိုက်စားမိဖုရား သားတော်မိုင်းတုံမင်းသား၊

သားတော်သာဂရ၊မင်းသား၊ သိန္နီမိဖုရား၊ သားတော်မိုင်းရယ်မင်းသား၊ သရစိမ်းရွှာစား မိဖုရား၏ သားတော် ငါးရာနဲမင်းသား၊ အိမ်ရှေ့စံကနောင်မင်းနှင့် လိူင်ထိပ်ခေါင်တင် မိဖုရား၏ သားတော်၊ထနိးတပင်မင်းသား၊မင်းတုန်းမင်းတရားကြီး၏ သားတော်သမီးတော် တို့၏ တူတော် မြေးတော်များ၊ထိုမင်းသားမင်းသမီးတို့နှင့် အဆက်သွယ်မကင်းသော သုံးဆယ်မင်းသား၏ ဦးရီးတော် ဗန်းမော်အတွင်းဝန် ဦးတိုး၊ ရနောင်မင်းသား၏ ဦးရီးတော် ရေနံ့သားမြို့စား ဦးရွှေမောင်၊ တပါယ်မြို့စား မင်းသားဦးဘ၊ မြင်းစုကြီးဝန် ဦးတတ်တူ၊ ရန်ကုန်မြို့ဝန်ဦးအုပ်တို့ ဖြစ်ကြသည်ဟု သမိုင်းမှတ်တမ်းများအရ သိရသည်။

Visited 40 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *