ဧရာဝတီတိုင်းဒေသကြီး ဖျာပုံမြို့ရှိ ဂဠုန်မင်းရွှေဆိုင်ကို သေနတ်ပစ်ဖောက်လုယက်မှုဖြစ်စဥ်၏ အဓိကကျူးလွန်သူ ၂ ဦး ကို ဖမ်းဆီးမိပြီဖြစ်ကြောင်း သိရသည်။
သေနတ်ပစ်ဖောက်လုယက်မှုမှ အဓိကကျူးလွန်သူ ၄ ဦးတွင် အခင်းဖြစ်သည့်နေ့က ၂ဦးဖမ်းမိခဲ့ကာ လွတ်မြောက်နေဆဲ အဓိက ကျူးလွန်သူ ၂ဦးကို မေလ ၂၃ ရက်က မန္တလေးမြို့၌ ဓားပြတိုက်လုယက်ခဲ့ရာ ပစ္စည်းများအားလုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မေလ၂၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်က ဖျာပုံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ ဂဠုန်မင်းရွှေဆိုင်ရှေ့သို့ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ သေနတ် ၂ ချက်ဖောက်၍ ခြိမ်းခြောက်ကာ ရွှေထည်ပစ္စည်းများထည့်ထားသည့် ပုံးကို ယူဆောင်လုယက်ခဲ့သည့် CCTV မှတ်တမ်းများလူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သေးသည်။
သေနတ်ပစ်ဖောက်လုယက်ပြီး ဆိုင်အတွင်းမှ ပြန်ထွက်ချိန်တွင် ပတ်ဝန်းကျင်၌ ရှိနေသူများက ဝိုင်းဝန်းဖမ်းဆီးသဖြင့် ကနဦးအနေဖြင့် အမျိုးသား ၂ ဦးကို ဖမ်းဆီးမိခဲ့ခြင်း ဖြစ်ကြောင်း၊လုယက်ခံရသောရွှေဆိုင်မှ ရွှေထည်ပစ္စည်းမျိုးစုံ ၆၈ ကျပ်သားပါရွှေပုံးတစ်ပုံးမှ ရွှေထည်အချို့ကို ပြန်လည်ရရှိခဲ့ကြောင်းလည်း သိရသည်။