ဟနွိုင်း၊ ဇွန် ၁၀
ဟွေဒတ် လို့ လူသိများတဲ့ ဗီယက်နမ်သတင်းထောက် သောင်ဟွေဆန်းကို နိုင်ငံတော်ထိခိုက်စေမှုနဲ့ ဗီယက်နမ်ရဲတပ်ဖွဲက ဇွန်လ ၈ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။
ဖေ့စ်ဘုတ်မှာ ဟွေဆန်းတင်တဲ့ ဆောင်းပါးတွေက နိုင်ငံတော်ကို ထိခိုက်စေသလို ဒီမိုကရေစီလွတ်လပ်ခွင့်တွေကို အလွဲသုံးစားလုပ်ရာလည်း ကျတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးလိုက်တာလို့ ရဲတပ်ဖွဲက ပြောပါတယ်။
“နိုင်ငံတော်အကျိုးစီးပွား၊ တရားဝင်အခွင့်အရေးနဲ့ အဖွဲ့အစည်းတွေ အပါအဝင် လူပုဂ္ဂိုလ်တွေရဲ့ အကျိုးစီးပွားကို ဖောက်ဖျက်တဲ့ စွဲချက်တွေနဲ့ ဟွေဆန်းကို ဖမ်းဆီးထားပါတယ်” လို့လည်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
အဖမ်းခံထားရတဲ့ ဟွေဆန်းဟာ အသက်၆၂နှစ်ရှိနေပြီး ဗီယက်နမ်စစ်တပ်မှာအကြီးတန်း ဒုဗိုလ် အဆင့်အထိတာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။
ဗီယက်နမ်ကွန်မြူနစ်တစ်ပါတီဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို တင်းတင်းကျပ်ကျပ် တားမြစ်ထားပြီး နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ဗီယက်နမ်ဟာ သတင်းလွတ်လပ်ခွင့်အတွက် နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၇၄ အထိ အောက်ဆုံးမှာ ရှိနေတယ်လို့ ဖော်ပြထားပါတယ်။
Ref: AFP
ပုံစာ သတင်းထောက် ဟွေဆန်း
Feature Image Credit: IOL



